#Local_News
Published_ 10 February 2023

 

လက်အောက်ခံတပ်ဖွဲ့များကို ထိန်းသိမ်းကြပ်မတ်ပေးရန် KNU ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးထံ နစက အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ က အသိပေးစာပေးပို့လိုက်ကြောင်း သိရသည်။

 

KNU လက်အောက်ခံ တပ်မဟာများနှင့် PDF တို့က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်ထိ အများပြည်သူပိုင်ဆိုင်သောပစ္စည်းများ လမ်းတံတား၊ တာဝါတိုင်၊ အဆောက်အအုံများအား ဗုံး၊ လက်နက်ကြီး၊လက်နက် ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်ထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ကရင်ပြည်နယ်၌ (၁၁၆) ကြိမ်၊ မွန်ပြည်နယ်၌ (၃၁၇) ကြိမ်၊ ပဲခူးတိုင်း၌ (၆၆၂) ကြိမ်၊ စုစုပေါင်း (၁၀၉၅) ကြိမ် ဆောင်ရွက်ခဲ့ကြောင်းကို အဆိုပါ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုများနှင့် ဓာတ်ပုံမှတ်တမ်းများဖြင့် အဆိုပါ ကော်မတီက ပူးတွဲပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နိုင်ငံရေးအပြောင်းအလဲ၌ အမြင် အယူအဆမတူသည့် အနေအထားတစ်ရပ်ကြောင့် လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် KNU အနေဖြင့် ပါဝင်မှုရပ်ဆိုင်းထားသည်ကို မိမိတို့ညှိနှိုင်းရေးကော်မတီက နားလည်မှုရှိစွာဖြင့် လက်ခံထားရှိပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမည့်ကိစ္စရပ်များ ဆွေးနွေးခြင်းတို့ကိုသာ ဆောင်ရွက်လိုပါကလည်း လက်ခံဆောင်ရွက်နိုင်ရေး မိတ်ဝတ်မပျက် သဘောထားဖြင့် ဆက်သွယ် ဆက်ဆံလျက်ရှိကြောင်း ယင်းတွင်ဖော်ပြထားသည်။

 

၎င်းအပြင် NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားသော KNU ကို မတရားအသင်းအဖြစ် ကြေညာထားခြင်းမှ ပယ်ဖျက်ထားပြီးဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ညှိနှိုင်းရေးကော်မတီအနေဖြင့် KNU ကို NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်အဖြစ် ရှုမြင်ထားကြောင်း၊ သို့သော်လည်း KNU လက်အောက်ခံတပ်မဟာများ၊ KNDO အဖွဲ့များမှ PDF အဖွဲ့များနှင့်ပူးပေါင်း၍ နိုင်ငံတော်၏ တပ်မတော်ကိုလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်းကောင်း တိုက်ခိုက်မှုများအပေါ် ငြိမ်းချမ်းရေးမထိခိုက်စေရေးအတွက် တိုက်ခိုက်လာသည့်အဖွဲ့ကိုသာ တုံ့ပြန်တိုက်ခိုက်မှုများဖြင့် စိတ်သဘောထားကြီးစွာ ဆောင်ရွက်ခဲ့သော်လည်း အပြစ်မဲ့အရပ်သား များနေထိုင်ရာ ကျေးရွာများကို ဝင်ရောက်ပစ်ခတ်ခြင်း၊ အစိုးရရုံးဌာနများကို မီးရှို့ဖျက်ဆီးခြင်း နှင့် ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ထားသော လမ်း၊တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုများ စသည့် အကြမ်းဖက်လုပ်ရပ်များမှာမူ နိုင်ငံတကာအမြင်ဖြင့်ပင် လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် အဓိကထိခိုက်နစ်နာမှုခံစားရသူမှာ အပြစ်မဲ့ပြည်သူလူထုသာ ဖြစ်ပါကြောင်း ရိုးရှင်းစွာအသိပေးလိုကြောင်းလည်း အဆိုပါ ပေးပို့စာတွင် ရေးသားထားသည်။

 

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမှသာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိနိုင်မည်ဟူသော သဘောထားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရေးသဘောတူ စာချုပ်(NCA)တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးကိုလည်း စိတ်အား ထက်သန်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းပါဝင်ခဲ့သော အဖွဲ့လည်းဖြစ်ကြောင်း ၎င်း ကော်မတီ၏ ပေးပို့စာတွင် ဖော်ပြထားသည်။

 

ယင်းအပြင် နိုင်ငံတော်အစိုးရမှဖြစ်စေ၊ ပြည်နယ်အစိုးရမှဖြစ်စေ တည်ဆောက်ပေးထားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြောင့် ဒေသတွင်း မိမိတိုင်းရင်းသားပြည်သူလူထုတို့အနေဖြင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေး ကဏ္ဍအစုံတွင် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေခြင်းသည် ငြိမ်းချမ်းရေး၏ ရလဒ်များပင်ဖြစ်ပါသည်။ လတ်တလော နိုင်ငံရေးအခြေအနေအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ခေတ္တရပ်တန့်နေသော်လည်း နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းများ ပြန်လည်ဆွေးနွေးဆောင်ရွက်ချိန်တွင် ပျက်စီးဆုံးရှုံးခဲ့သော ဒေသခံပြည်သူလူထု၏ နေအိမ်များ၊ ဘာသာရေးအဆောက်အဦများ၊ အစိုးရရုံး၊ ဌာနများ၊ လမ်း၊ တံတားများ၊ ဂြိုဟ်တု ဆက်သွယ်ရေးလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားလိုင်းများကို ပြန်လည်တည်ဆောက်ရေးကို နိုင်ငံတော် ပြည်နယ်ဘဏ္ဍာငွေမှသာ ကျခံသုံးစွဲရဦးမည်ဖြစ်ကြောင်း၊ အမှန်တကယ်စဉ်းစားသင့်သည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်နေပြီး ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူလူထု၏ နေအိမ်များအပါအဝင် အစိုးရရုံး၊ ဌာနများ၊ လမ်းတံတားများ၊ ဆက်သွယ်ရေးလုပ်ငန်း များ မပျက်စီး၊ မဆုံးရှုံးပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်ချိန်၌ နိုင်ငံတော်ဘဏ္ဍာငွေ များကို နိုင်ငံ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် ပုံမှန်သုံးစွဲခြင်းဖြင့် နိုင်ငံတည်ဆောက်ရေးကို ဆုတ်ယုတ်မှ မရှိစေဘဲ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ထို့ကြောင့် KNU ဥက္ကဋ္ဌကြီးနှင့် စစ်ဦးစီးချုပ်တို့အပါအဝင် ဗဟိုကော်မတီဝင်များအနေဖြင့် ကျိုးကြောင်းဆီလျော်ပြည့်စုံစွာ စဉ်းစားသုံးသပ်၍ လက်အောက်ခံတပ်ဖွဲ့ဝင်များ၊ KNDO တပ်ဖွဲ့ များကို အဖျက်လုပ်ရပ်များ လုပ်ဆောင်မှုမပြုရေး၊ မည်သည့်လုပ်ရပ်မျိုးကို ပြုလုပ်သည်ဖြစ်စေ ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျ မျှော်တွေးသုံးသပ်ဆောင်ရွက်ရေး ကြပ်မတ်ထိန်းသိမ်း သွားနိုင်ရန် ငြိမ်းချမ်းရေးရည်သန်စိတ်ဖြင့် အသိပေး အကြောင်းကြားကြောင်း ၎င်းတွင် ရေးသားထားသည်။

#ymg/mt
#Yangon_Media_Group