#Local_News
Published_ 10 February 2023

 

ချင်းပြည်နယ်၊ ထန်တလန်မြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့၏တောင်ဘက်ရှိ လုံခြုံရေးတပ်စခန်းတို့ကို နစက ဆန့်ကျင်အဖွဲ့က ဖေဖော်ဝါရီလ ၈ ရက် ည ၁၀ နာရီမှ စတင်၍ ဖေဖော်ဝါရီလ ၉ ရက် နံနက်ပိုင်းထိ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

ယင်းကြောင့် တပ်မတော်က လေကြောင်းပစ်ကူနှင့် အမြောက်ပစ်ကူများ ရယူ၍ ဆုတ်ခွာခဲ့ရကာ မြို့တောင်ဘက်ရှိ လုံခြုံရေးတပ်စခန်းသို့ သွားရောက်ပူးပေါင်းနိုင်ခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ပြုပြင်ရန်လိုအပ်သည့် လက်နက်ငယ်အချို့ ဆုံးရှုံးခဲ့ရကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ မြို့နယ်ရဲစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် မြို့လုံခြုံရေးအတွက် တပ်မတော် စစ်ကူစစ်ကြောင်းများက ယနေ့ညနေပိုင်းတွင် ထန်တလန်မြို့သို့ ရောက်ရှိ စုဖွဲ့လျက်ရှိပြီး ရဲတပ်ဖွဲ့မှူးစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် ထန်တလန်မြို့ အတွင်း အကြမ်းဖက်မှု ချေမှုန်းရေးစစ်ဆင်မှု (Counter-Terrorism Operation) အတွက် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group