#Local_News
Published_ 1 February 2023

 

ယခုနှစ် စက်တင်ဘာလတွင်ကုန်ဆုံးမည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး - GDP (၃) ရာခိုင်နှုန်း တိုးတက်မှုရှိလာမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွာ​ရေး​စောင့်​ကြည့်အစီရင်ခံစာတွင် မြန်မာ့စီးပွားရေးသည် သိသာထင်ရှားသည့် မတည်ငြိမ်မှုများနှင့် မသေချာ မရေရာမှုတွေရှိနေပြီး လျှပ်စစ်မီးပြတ်တောက်မှု၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေလဲလှယ်မှု ကန့်သတ်ချက်များ၊ အဓိကသွင်းအားစု အချို့ ပြတ်တောက်မှုနှင့် မကြာခဏပြောင်းလဲနေသည့် စည်းမျဉ်း၊ စည်းကမ်းတွေကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်နားခဲ့ရကြောင်း ဖော်ပြထားသည်။

 

ကမ္ဘာ့ဈေးနှုန်း မြင့်တက်မှုနှင့်အတူ ထောက်ပံ့ပို့ဆောင်ရေးကန့်သတ်ချက်တွေ ပေါင်းစပ်လိုက်ခြင်းကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်လယ်တွင် (၂၀) ရာခိုင်နှုန်းအထိ ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြထားသည်။

 

လာမယ့်နှစ်တွင် ငွေကြေးဖောင်းပွမှု ဖိအားများလျော့ပါးသွားခြင်းကြောင့် ဝန်ဆောင်မှုကဏ္ဍ အလယ်အလတ် တိုးတက်မည်ဟု ခန့်မှန်းထားပြီး နိုင်ငံတကာခရီးသွားလုပ်ငန်း တိုးတက်မှု အနည်းငယ် ရှိလာနိုင်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

 

ယင်းအ​ပြင် အထည်ချုပ်ထုတ်လုပ်သူများနှင့် အစားအစာထုတ်လုပ်သူများအနေ​ဖြင့် ​ပို့ကုန်ဝယ်လိုအား နှေးကွေးခြင်းနှင့် ပြည်တွင်းဝယ်လိုအား လျော့နည်းခြင်းတို့ကြောင့် စက်မှုကဏ္ဍတိုးတက်မှု နှေးကွေးမည်ဟု မျှော်လင့်ရပြီး ဆန်၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှု အားကောင်းနေမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

 

#ymg/sth
#Yangon_Media_Group