#Local_News
Published_25 January 2023

ပထမအကြိမ်အဖြစ် လျှပ်စစ်ယာဉ် အစီး ၄၀နှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက ထုတ်ပြန်လိုက်သည်။

 

ယခုရောက်ရှိလာသော ယာဉ်များမှာ တရုတ်နိုင်ငံမှထုတ်လုပ်သည့် BYD အမျိုးအစား E2 Model ဖြစ်ပြီး လူစီးနှင့် တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲအသုံးပြုမည့် လျှပ်စစ်သုံးယာဉ်များဖြစ်ကြောင်း၊ အများပြည်သူအသုံးပြုနိုင်ရေး လျှပ်စစ်သုံးတက္ကစီအဖြစ် Chin Dwin Shan Construction Co., Ltd. မှ ရန်ကုန်လေဆိပ်တွင်အခြေပြု၍ တက္ကစီ ၁၀ စီး ၊ NPK Motors Co., Ltd. မှ နေပြည်တော် သပြေကုန်းဈေးတွင်အခြေပြု၍ တက္ကစီ ၁၀ စီး ပြေးဆွဲကြမည်ဖြစ်ကြောင်း သိရသည်။

 

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၌ စိတ်ပါဝင်စားသည့် ကုမ္ပဏီ ၂၆ ခုမှ ဦးဆောင်ကော်မတီသို့ လာရောက်တွေ့ဆုံပြီး ဆောင်ရွက်မည့်အစီအမံအသေးစိတ်များကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် စိစစ်ခွင့်ပြုပေးခဲ့ရာမှ Chin Dwin Shan Construction Co., Ltd. နှင့် NPK Motors Co., Ltd. တို့က အထက်ပါအတိုင်း တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။

 

Chin Dwin Shan Construction Co., Ltd. မှ လျှပ်စစ်သုံးယာဉ်အစီး ၃၀ နှင့် NPK Motors Co., Ltd. မှ တင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ် ၁၀ စီး စုစုပေါင်းအစီး ၄၀ မှာ ယခုအခါ ရွာသာကြီး Dry Port တွင် ရောက်ရှိနေပြီ ဖြစ်သောကြောင့် ယင်းယာဉ်များကို လျှပ်စစ်သုံးယာဉ်အတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ မရှိနှင့် ခွင့်ပြုထားသည့် လိုင်စင်ပါဖော်ပြချက်များ မှန်ကန်မှုရှိ မရှိ စစ်ဆေးနေကြကြောင်းလည်း ယင်းကော်မတီက သိရသည်။

#ymg/mt
#Yangon_Media_Group