#LocalNews
Published_ 22 January 2023

 

၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း တာဝါတိုင် (၁) တိုင်ကို ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် နစက ဆန့်ကျင်ဖက် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။

 

ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)- တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့ နယ်အတွင်းရှိ တာဝါတိုင်(၁)တိုင်ကို ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် တာဝါတိုင် (၁) တိုင်ပြိုလဲ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဓာတ်အားလိုင်းမှာ ယခုအကြိမ်အပါအဝင် စုစုပေါင်း (၈) ကြိမ်နှင့် ဖျက်ဆီးခံရပြီးဖြစ်ကာ စုစုပေါင်း တာဝါတိုင်ပေါင်း (၂၃) တိုင် ပျက်စီးပြီးဖြစ်ကြောင်း၊လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးပြင်ဆင်နိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယခုအခါ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက အများပြည်သူသို့ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြိမ်ပေါင်း (၂၁၈) ကြိမ် ရှိပြီဖြစ်ကြောင်းလည်း အဆိုပါ ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 

ymg/mt
#Yangon_Media_Group