#Local_News
Published_ 16  January 2023

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ မီးလောင်ပျက်စီးခဲ့သည့် အရက်ချက်စက်ရုံ မီးလောင်မှုမှာ ဆုံးရှုံးမှုပမာဏများနှင့် ပတ်သက်၍ အာမခံ ကုမ္ပဏီတွေနှင့် ဆွေးနွေးနေပြီး တစ်လအတွင်း အရက်ထုတ်လုပ်မှု လုပ်ငန်းများ ပြန်စတင်သွားမည်ဖြစ်ကြောင်း Grand Royal Group International (GRGI) က ထုတ်ပြန်ထားပါတယ်။

 

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင်ရှိသည့် Grand Royal ကုမ္ပဏီ၏ အရက်ချက်စက်ရုံသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်အဖွဲ့မှ ၁၅ နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရပြီး မီးသတ်အဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ Grand Royal Group International ကုမ္ပဏီမှ ယနေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

မီးလောင်မှုဖြစ်ရသည့် အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး သိရှိရသည့် အထောက်အထားတွေအရ မတော်တဆ မီးလောင်မှုဟု ယူဆရကြောင်း ထုတ်ပြန်ထားသည်။

 

ယင်းအပြင် ကုမ္ပဏီအနေဖြင့် ဒေသဆိုင်ရာ အာဏာပိုင်တွေနှင့် စစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်နေပြီး သက်ဆိုင်ရာ အာမခံကုမ္ပဏီတွေနှင့်လည်း သင့်တော်သည့် ဆုံးရှုံးမှုပမာဏအတွက် ဆွေးနွေးနေကြောင်း GRIG က ထုတ်ပြန်ထားသည်။

 

ကုမ္ပဏီအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လကုန်နောက်ဆုံးထားပြီး၊ အရက်ချက်လုပ်ခြင်းနှင့် ပုလင်းသွတ် လုပ်ငန်းတွေ ပြန်လည်စတင်ရန် ခန့်မှန်းထားကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

 

#ymg/sth
#Yangon_Media_Group