Published 25 December 2022

အွန်လိုင်းကနေ သူ့ကို ပေါက်တောက်တောက် trolls လုပ်တာတွေနှင့် ဝေဖန်တာတွေအပေါ် တဲ့တိုးနှင့် တည်ငြိမ်မှုမရှိ တုန့်ပြန်တတ်တဲ့ ဘောလီဝုဒ်မင်းသား အဘီရှက် ဘချန်းဟာ ဘင်္ဂလားဒေ့ရှ်စာရေးဆရာမ တက်ဆလီမာနက်ဆရင်းရဲ့ တွစ်တာပို့အပေါ် လတ်တလော ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ တက်ဆီလီမာက သူနှင့် သူ့ဖခင် ဘောလီဝုဒ်စူပါစတား  အမီတာဘချန်းကို  နှိုင်းယှဉ်ဝေဖန်ရေးသားခဲ့တာပါ။

ကြာသပတေးနေ့မှာ တက်ဆလီမာက “ အာမီတာ ဘချန်းကြီးဟာ သူ့သား အဘီရှက်ဘချန်းကို သိပ်ချစ်မြတ်နိုးပါတယ်။ သူ့သားဟာ သူ့ရဲ့ ပါရမီအရည်အချင်းတွေအားလုံးကို အမွေဆက်ခံပြီး အတော်ဆုံးဖြစ်လိမ့်မယ်လို့ သူကထင်ခဲ့တယ်။ အဘီရှက်က ကောင်းပါတယ်။ ဒါပေမယ့် အဖေလိုတော့ ပါရမီထူးချွန်တယ်လို့ ကျွန်မမထင်ဘူး” လို့ တွစ်တာမှာ ရေးခဲ့ပါတယ်။

အဲဒီ”တွိ” ကို အဘီရှက်က ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

“ သိပ်မှန်တာပေါ့ အမျိုးသမီးကြီးရာ..။ ပါရမီထူးချွန်မှုနှင့် အခြားကိစ္စတွေမှာ ဘယ်သူမှ သူနှင့် တူအောင် ယှဉ်လို့ကို မရပါဘူး။ သူဟာ အမြဲတမ်း အတော်ဆုံးဖြစ်နေမှာပါ။ ကျွန်တော်ကတော့ သူ့သားဖြစ်ရတာ အလွန့်အလွန်ကို ဂုဏ်ယူတယ်” လို့ သူက လက်အုပ်ချီတဲ့အီမိုဂျီပုံကလေနှင့်ပြန်တုန့်ပြန်ခဲ့ပါတယ်။

ဒီနှစ်ယောက်ကို နှိုင်းယှဉ်ပြီး မပြောသင့်ဘူးလို့ ပရိဿတ်တော်တော်များများက တက်ဆလီမာကို ထောက်ပြပြီး တုန့်ပြန်ခဲ့ကြပါတယ်။ လူတစ်ဦးက..

“ ဒါကြောင့် သူဟာ အဆင့်သတ်မှတ်မခံရတာဖြစ်မယ်။ ပြီးတော့ ဒါဟာစိတ်မကောင်းစရာပါ။ သူဟာ လူအများစုထက် ပိုသာတာပဲ။ ဒါပေမယ့် အမြဲတမ်း အဖေဖြစ်သူနှင့် နှိုင်းယှဉ်အပြောခံနေရတာလေ”

“ မဒမ်ရေ..။ အမီတာဘချန်းဟာ ဂန္တဝင်အနုပညာသမားကြီးပါ။ ဘဝမှာတစ်ခါသာကြုံရသလိုမျိုး၊ ဆာချင် တက်ဒူခါ တို့ ဒီလစ်ဆာအတ်တိ့၊ မက်ဂျစ်ဂျွန်ဆန်၊မာလွန်ဘရန်ဒိုတို့လိုပါ။သူ့ဖခင်ထက်သာတဲ့ သားတစ်ယောက်ယောက်များရှိရင် ပြစမ်းပါ။ ဖခင်ဟာ သူ့ပုံစံနှင့်သူသွားနေပါတယ်။ ခင်ဗျားကခင်ဗျား၊အဖေကအဖေပဲ” လို့ နောက်တစ်ဦးက တွစ်တာမှာ ပြန်တုန့်ပြန်ပါတယ်။

မင်းသားဆန်နီယယ်ရှက်တီက အဘီရှက်ရဲ့ တွစ်တာပို့စ်မှာ အနီရောင်အသည်းပုံကလေးပေးပြီး တုန့်ပြန်ပေးခဲ့ပေမယ့်   နောက်ပိုင်းမှာ ပြန်ဖျက်သွားပါတယ်။

အဘီရှက်ဘချန်းကို စိတ္တဇသည်းထိတ်ရင်ဖိုဇာတ်ကား 'Breathe: Into The Shadows Season 3' မှာ နောက်ဆုံးတွေ့ ရပါတယ်။ သူဟာ နက်ဖလစ်ရဲ့'Dasvi' ဇာတ်ကားမှာလည်း Filmfare OTT Awards 2022 ကပေးတဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ Dasvi ဇာတ်ကားဟာ Web Original ဆုမှာလည်း အကောင်းဆုံး ဇာတ်ကားဆုရရှိခဲ့ပါတယ်။

Source WION

#Amitabh_Bachchan

#Abhishek_Bachchan

#Taslima_Nasreen