၁၁ ဧပြီ ၂၀၂၄

ဗီယက်နမ် အိမ်ခြံမြေလုပ်ငန်းရှင်သူဋ္ဌေးမကြီးတစ်ဦးကို ဗီယက်နမ်တရားရုံးတစ်ခုက ငွေကြေးလိမ်လည်မှုဖြင့် သေဒဏ်  အပြစ်  ပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက သတင်းထုတ်ပြန်ပါတယ်။

အိမ်ခြံမြေ လုပ်ငန်းရှင် ထရွန်မိုင်လန်ဟာ ဗီယက်နန် ဒွန်ငွေ ၃၀၄ထရီလီယံ( အမေရိကန် ဒေါ်လာ ၁၂.၄၆ ဘီလျံ)တန်ဖိုးရှိတဲ့ ဗီယက်နမ်ရဲ့ အကြီးမားဆုံးသော ငွေကြေးလိမ်လည်မှုကို ကျူးလွန်ခဲ့တဲ့အတွက် သူမကို သေဒဏ်အပြစ်ပေးခဲ့တာဖြစ်ပါတယ်။

လန်ဟာ ဗီယက်နမ်ရဲ့  အိမ်ခြံမြေလုပ်ငန်းကြီးဖြစ်တဲ့ ဗန်သင်ပက်ဟိုးလ်ဒင်း အုပ်စုကြီးရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ သူမဟာ ငွေကြေး  အလွဲသုံးစားပြုမှု၊လာဘ်ပေးလာဘ်ယူမှုနှင့် ဘဏ်စည်းမျဉ်းစည်းကမ်းတွေကိုချိုးဖောက်မှုတို့ဖြင့် အပြစ်ရှိကြောင်း ဟိုချီမင်းမြို့ မှာရှိတဲ့ တရားရုံးက တရားစီရင်ခဲ့တာပါ။

မတ်လ ၅ရက်နေ့က စတင်ခဲ့တဲ့ တရားရုံးစစ်ဆေးမှုဟာ သတ်မှတ်ထားတဲ့ အချိန်ကာလထက် စောပြီး စစ်ဆေးပြီးစီးခဲ့ပါတယ်။ သူမရဲ့အမှုနှင့်ဆက်စပ်ပြီး အစိုးရထိပ်ပိုင်းအရာရှိကြီးတွေနှင့် နာမည်ကြီး စီးပွားရေးလုပ်ငန်းအကြီးအကဲတွေလည်း တရားစွဲခံရ တာတွေ၊ ရာထူးပြုတ်သွားတာတွေဖြစ်ခဲ့ရပါတယ်။

လန်နှင့်သူမရဲ့ကြံရာပါတွေဟာ ဆိုင်းဂုံပူးတွဲစတော့ခ်ကော်မာရှယ်ဘဏ်( အက်စ်စီဘီ)ကနေ ၃၀၄ ထရီလီယံဒွန်ငွေတွေကို ထုတ် နုတ်ယူခဲ့ကြပါတယ်။အဲဒီဘဏ်ကို သူမဟာ သူမရဲ့ ကြားခံကိုယ်စားလှယ်လူတစ်ဒါဇင်ကျော်ကနေတစ်ဆင့် ထိန်းချုပ် ခဲ့တာဖြစ်ပါတယ်လို့ အမှုစစ်ဆေးသူတွေထံမှသိရပါတယ်။

၂၀၁၈ခုနှစ်စောစောပိုင်းကနေ့ ၂၀၂၂ အောက်တိုဘာအထိ လန်ဟာ ကုမ္ပဏီတွေကို အကာအကွယ်ပေးဖို့အတွက် ဥပဒေမဲ့ ချေးငွေများစွာကို စီစဉ်ပြီး အဲဒီဘဏ်ကနေ ငွေကြေး အကြီးအကျယ်ထုတ်ယူခဲ့ပါတယ်။ အဲဒါကြောင့် ဘဏ်မှာ အာမခံငွေတွေ ကုန်ဆုံးသွားတဲ့အတွက် နိုင်ငံတော်က ဝင်ပြီး အာမခံပေးဆောင်ခဲ့ရပါတယ်။

လန်က တရားရုံးဆုံးဖြတ်ချက်အပေါ် အယူခံတင်သွင်းမယ်လို့ မိသားစုဝင်တွေက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Source Reuters