#World_News
Published 30 March 2024


အမေရိကန် ကွန်ဂရက်မှာ အငြင်းပွားနေကြတာကြောင့် ကတိပေးထားတဲ့အတိုင်း စစ်ရေးကူညီမှုများ မရရှိပါက ယူကရိန်းတပ်တွေအနေနဲ့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားရလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက အင်တာဗျူးတစ်ခုမှာ သောကြာနေ့က ပြောကြားလိုက်ပါတယ်။

 

အကယ်၍ အမေရိကန်မှ အကူအညီများ မရရှိပါက ယူကရိန်းအနေနဲ့ လေကြောင်းကာကွယ်ရေးတွေ၊ ဒုံးကျည်တွေ၊ စစ်သင်္ဘောတွေ၊ အမြှောက်ကျည်ဆံတွေ ရှိမှာမဟုတ်ဘူးလို့ ဇယ်လန်စကီက ဝါရှင်တန်ပို့စ်ကို ပြောပြလိုက်ပါတယ်။


ဖြည်းဖြည်းချင်းစီ ဆုတ်ခွာသွားရမှာဖြစ်ပြီး အဲဒီလိုနောက်မဆုတ်ရဖို့ နည်းလမ်းတွေ ရှာဖွေသွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

လက်နက်ခဲယမ်းတွေ ပြတ်လပ်လာတာကြောင့် ရှေ့တန်းမှာ အင်အားလျော့ရဲလာပြီး ကျိုးပေါက်သွားမယ်ဆိုရင် ရုရှားတွေက မြို့ကြီးတွေကို ဝင်ရောက်လာနိုင်တယ်လို့ ပြောပြသွားပါတယ်။

 

ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်က စစ်ရေးနဲ့ ဘဏ္ဍာရေးထောက်ပံ့မှုအတွက် အတည်ပြုပေးဖို့ ရီပတ်ဘလစ်ကန် ထိန်းချုပ်ထားတဲ့ အမေရိကန် အောက်လွှတ်တော်ကို တိုက်တွန်းနေပေမယ့် အောက်လွှတ်တော်ဥက္ကဌ မိုက်ခ်ဂျွန်ဆန်က ပြည်တွင်းရေးတွေကို အဓိကထားရမယ်ဆိုပြီး လနဲ့ချီအောင် အချိန်ဆွဲထားပါတယ်။

 

ကူညီထောက်ပံ့ရေးကို အတည်ပြုပေးဖို့က အလွန်အရေးကြီးကြောင်း ဇယ်လန်စကီက ဂျွန်ဆန်ကို တယ်လီဖုန်းဖြင့် ပြောကြားခဲ့ပါတယ်။

 

ယူကရိန်းဟာ ဒုံးကျည်ပြတ်လပ်လာတဲ့အတွက် ပြည်တွင်းထုတ် လက်နက်တွေ လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ အစားထိုးထားပေမယ့် လုံလောက်ခြင်းမရှိဘူးလို့ ယူကရိန်းသမ္မတက ပြောကြားထားပါတယ်။

 

လတ်တလောမှာ ရုရှားတို့က စွမ်းအင်နဲ့ အခြားအခြေခံ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်လာပါတယ်။


ယူကရိန်းကလည်း ဒရုန်းများဖြင့် ကိုယ်ပိုင်ဒရုန်းများဖြင့် တိုက်ခိုက်နိုင်ကြောင်း၊ ရုရှားဘက်က တိုက်ခိုက်လာခဲ့ရင် ပြန်တိုက်မှာဖြစ်ပြီး ရုရှားအနေနဲ့ လောင်စာတွေ၊ လျှပ်စစ်မီးတွေမရှိဘဲ နေသွားရမှာဖြစ်ကြောင်း၊ ရုရှားတွေရပ်တန့်တဲ့အခါမှသာ ယူကရိန်းကလည်း ရပ်တန့်မှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

 

#World_News #ယူကရိန်းတပ်များဆုတ်ခွာရ #ဇယ်လန်စကီပြော #Source: Reuters