#WorldPolitics

Published -  1 December 2021

တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကို စစ်ရေးတိုက်ခိုက်လာပါက ဂျပန်နဲ့အမေရိကန်တို့က ဒီအတိုင်းရပ်ကြည့်နေမှာမဟုတ်ကြောင်း တရုတ်တို့သဘောပေါက်သင့်တယ်လို့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေက ဗုဒ္ဓဟူးနေ့က ပြောကြားသွားပါတယ်။

တရုတ်သမ္မတရှီဂျင်ပင်းက ထိုင်ဝမ်ကျွန်းနိုင်ငံကို တရုတ်တို့ရဲ့အချုပ်အခြာအာဏာအောက်မှာပဲရှိဖို့ ကြိုးပမ်းနေတာကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်တက်လျက်ရှိပါတယ်။ ထိုင်ဝမ်အစိုးရက တည်ငြိမ်အေးချမ်းမှုကိုပဲ လိုလားပြီး လိုအပ်လာရင်တော့ နိုင်ငံကိုကာကွယ်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။

ဆန်ကာကူကျွန်းတွေ ဆာကီရှီမာကျွန်းတွေနဲ့ ယိုနာဂူနီကျွန်းတွေဟာ ထိုင်ဝမ်နဲ့ ၆၂ မိုင်ခန့်သာကွာဝေးကြောင်း အာဘေကဆိုပါတယ်။ထိုင်ဝမ်ကို စစ်ရေးအရကျူးကျော်မယ်ဆိုရင် ဂျပန်အတွက်လည်း အန္တရာယ်များကြောင်း ဆိုပါတယ်။

"ထိုင်ဝမ်အရေးဟာ ဂျပန်အရေးဖြစ်လာနိုင်တဲ့အပြင် ဂျပန်-အမေရိကန်မဟာမိတ်အတွက်လည်း အရေးကိစ္စ ဖြစ်လာနိုင်ပါတယ်။ ဒါကို တရုတ်ကလူတွေ အထူးသဖြင့် သမ္မတရှီဂျင်ပင်းတို နားလည်ထားဖို့လိုပါတယ်"လို့ အာဘေက ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံဟာ အမေရိကန်စစ်စခန်းအမြောက်အများ အခြေချနေတဲ့နေရာဖြစ်ပါတယ်။ ထိုင်ဝမ်နဲ့ လေလမ်းခရီးအရအနည်းငယ်သာ ကွာဝေးတဲ့ အိုကီနာဝါတောင်ဘက်ကျွန်းမှာလည်း အမေရိကန်စစ်ခန်းတွေတည်ရှိပြီး တရုတ်တို့ ထိုင်ဝမ်ကိုတိုက်ခိုက်လာပါက အမေရိကန်တို့က အချိန်မရွေးစစ်ကူပေးလို့ ရနေပါတယ်။

တရုတ်နဲ့ ထိုင်ဝမ်တို့ စစ်ပွဲဖြစ်ပွားပါက အမေရိကန်တို့ စစ်ကူလွှတ်ပေးဖို့အရေးက အနည်းငယ်ရှုပ်ထွေးမရေရာသလို ထိုင်ဝမ်အနေနဲ့ ကိုယ့်ဘာသာကာကွယ်ခုခံဖို့ ကန့်သတ်ချက် ရှိနေနိုင်ပါတယ်။

ထိုင်ဝမ်ရဲ့တိုင်းပြည်အခြေအနေကို တရုတ်တို့က စစ်တပ်အင်အားသုံးပြီး ဝင်ရောက်စွက်ဖက်မယ်ဆိုပါက အမေရိကန်နဲ့ မဟာမိတ်အဖွဲ့တွေက အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြီးခဲ့တဲ့လက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ဝန်ကြီးချုပ်ရာထူးဆင်းပေးခဲ့တဲ့ ရှင်ဇိုအာဘေဟာ အင်အားအကြီးမားဆုံး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဦးစီးဦးဆောင်သူဖြစ်ပြီး ပါတီထဲမှာ ဩဇာအာဏာကြီးမားသူ ဖြစ်နေဆဲဖြစ်ပါတယ်။

တိုင်းပြည်လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအရေးကို ကာကွယ်ဖို့ ဂျပန်နဲ့ထိုင်ဝမ်တို့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ အာဘေကဆိုပါတယ်။"ထိုင်ဝမ်နိုင်ငံ ဖွံဖြိုးကြွယ်ဝပြီး လူအခွင့်အရေးနဲ့ လွတ်လပ်ငြိမ်းချမ်းခွင့်ရဖို့ ဂျပန်တို့က ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တကမ္ဘာလုံးကလည်း ကူညီပေးသွားမှာ သေချာပါတယ်"လို့ အာဘေက ပြောကြားခဲ့ပါတယ်။

Source: Reuters