Published 23 February 2024

တက္ကဆပ်အခြေစိုက်ကုမ္ပဏီ Intuitive Machines မှ တည်ဆောက်ကာ လွှတ်တင်လိုက်တဲ့ အာကာသယာဥ်ဟာ ကြာသပတေးနေ့က လကမ္ဘာ တောင်ဝင်ရိုးစွန်းအနီးမှာ ဆင်းသက်ခဲ့ပါတယ်။

ဒါဟာ ရာစုနှစ်ဝက်ကျော်အတွင်း လကမ္ဘာမျက်နှာပြင်ပေါ်ကို အမေရိကန်မှ ပထမဆုံးဆင်းသက်နိုင်ခဲ့တာ ဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီမှ ပထမဆုံးဆင်းသက်ခဲ့တာလည်း ဖြစ်ပါတယ်။

အိုဒီဆီယပ်စ်လို့ အမည်ပေးထားတဲ့ စက်ရုပ်ယာဥ်ဟာ ထောက်တံ  ၆ ချောင်းပါဝင်ပြီး အာကာသယာဥ်မှူးများ မပါဝင်ဘဲ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၃ မိနစ်ခန့်မှာ ဆင်းသက်ခဲ့တာဖြစ်ကြောင်း ကုမ္ပဏီနဲ့ နာဆာ(NASA)မှ သတင်းကြေညာသူများက ပြောကြားခဲ့ကြပါတယ်။

ဆင်းသက်မှုက စိုးထိတ်စရာဖြစ်ခဲ့ပြီး အာကာသယာဥ်ရဲ့ အလိုအလျောက် ထိန်းချုပ်မှုအပိုင်းမှာ ပြဿနာရှိခဲ့ပါတယ်။

ရေဒီယိုပြတ်တောက်မှု ဖြစ်ပေါ်ပြီးနောက် ယာဥ်နဲ့ပြန်လည်ချိတ်ဆက်မိရန် အချိန်ခဏတာ ကြာမြင့်ခဲ့ပါတယ်။

နောက်ဆုံးပြန်လည် ချိတ်ဆက်မိတဲ့အခါ ချိတ်ဆက်မှုအားက နည်းပါးနေပြီး လမျက်နှာပြင်ကို ထိနေပြီဆိုတာ သေချာပေမယ့် အခြေအနေ အတိအကျနဲ့ တည်နေရာကို ချက်ချင်းအတည်မပြုနိုင်ခဲ့ပါဘူး။

အာကာသယာဥ်က လမျက်နှာပြင်ပေါ် ရောက်ရှိပြီဖြစ်ကြောင်း၊ ချိတ်ဆက်လို့ရနေပြီး အဖွဲ့သားတွေကို ဂုဏ်ပြုကြောင်း Intuitive Machines မစ်ရှင်ညွှန်ကြားရေးမှူး တင်မ်ကရိန်းက ပြောပြလိုက်ပါတယ်။

စီစဥ်ထားတဲ့အတိုင်း Malapert A လို့ခေါ်တဲ့ ပေါက်ကွဲထိပ်ဝအနီးမှာ ဆင်းသက်နိုင်ခဲ့တယ်လို့ ယူဆရပါတယ်။

၁၉၇၂ ခုနှစ်က နာဆာမှ အာကာသယာဥ်မှူးများဖြင့် လွှတ်တင်တဲ့ Apollo 17 ဟာ လကမ္ဘာပေါ်ရောက်ရှိပြီးနောက် ယခုတစ်ကြိမ်က ပထမဆုံးဆင်းသက်မှု ဖြစ်ခဲ့ပါတယ်။

ယနေ့အချိန်အထိ လကမ္ဘာသို့ အာကာသယာဥ် လွှတ်တင်နိုင်တဲ့ အခြားနိုင်ငံတွေထဲမှာ ယခင်ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်တို့သာ ရှိထားပြီး လူသားပါရောက်ရှိတာကတော့ အမေရိကန် တစ်နိုင်ငံတည်းသာ ရှိပါသေးတယ်။

အိုဒီဆီယပ်စ်ယာဥ်ပေါ်မှာ သိပ္ပံနည်းကျ ကိရိယာများနဲ့ နာဆာအတွက် နည်းပညာပုံဖော်မှုများ ပါဝင်ပြီး ယာဥ်ဆင်းသက်ရာ ဝင်ရိုးစွန်းဘက်သို့ နေမထွက်ခင်အထိ ဆိုလာစွမ်းအင်ဖြင့် ၇ ရက်မောင်းနှင်နိုင်ရန် ဖန်တီးထားပါတယ်။

လမ္ဘာမျက်နှာပြင်ပေါ်မှာ အာကာသယာဥ်ရဲ့ ရာသီဥတု တုန့်ပြန်ခြင်း အချက်အလက်များ၊ ရေဒီယိုနက္ခတ္တ၊ အနာဂတ်ဆင်းသက်မှုများအတွက် လကမ္ဘာပတ်ဝန်းကျင် အနေအထားများ စုဆောင်းခြင်းတို့ကို အလေးပေးလေ့လာသွားမှာ ဖြစ်ပါတယ်။
Source: Reuters.
#World_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group