Published_ 21 September 2023

ပြိုင်ဘက်အီရန်နိုင်ငံသာ နျူကလီးယားလက်နက် အရင်ရရှိသွားပါက ဆော်ဒီအာရေဗျတိုင်းပြည် အနေနဲ့လည်း နျူကလီးယားလက်နက် ပိုင်ဆိုင်အောင် ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က စက်တင်ဘာ ၂၀ ရက်နေ့က ဖောက်စ်နယူးစ်နဲ့ အင်တာဗျူးမှာ ပြောကြားသွားကာ အစ္စရေးလ်နဲ့ ဆက်ဆံရေး ပြန်လည်ပြေလည်ရန်ကိုလည်း ဆိုခဲ့ပါတယ်။

မည်သည့်နိုင်ငံပဲဖြစ်ဖြစ် နျူကလီးယားလက်နက် ပိုင်ဆိုင်မှာကို စိုးရိမ်နေရကြောင်း၊ နျူကလီးယားလက်နက် အသုံးပြုပါက တစ်ကမ္ဘာလုံးနဲ့ စစ်ဖြစ်ရမှာဖြစ်တာကြောင့် ဘယ်သူမှ အသုံးမပြုရန် မျှော်လင့်ကြောင်း ပြောပြသွားပါတယ်။

ဟီရိုရှီးမားလိုအဖြစ်မျိုး နောက်ထပ်မတွေ့ချင်ကြသလို လူပေါင်းသိန်းချီ သေဆုံးရတယ်ဆိုရင် တစ်ကမ္ဘာလုံးနဲ့ စစ်ဖြစ်ရမှာဖြစ်ကြောင်း ဆိုပါတယ်။

၂၀၁၅ အီရန်နျူကလီးယား သဘောတူညီချက်ကို အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ကတိပြုခဲ့ပြီး ဂျိုးဘိုင်ဒင်အစိုးရကလည်း ငြင်းပယ်ခဲ့ပြီးနောက် အီရန်က နျူကလီးယား အဆင့်မြှင်တင်ခြင်းကို အရှိန်မြှင့်လုပ်ဆောင်လာကာ ဒေသတွင်းကို ခြိမ်းခြောက်လာပါတယ်။

ကမ္ဘာပေါ်မှာ ရေနံအများဆုံးတင်ပို့ရာ ဆော်ဒီက လာမယ့်ဆယ်စုနှစ် ၂ ခုအတွင်း ဒေါ်လာ ၈၀ ဘီလီယံအကုန်အကျခံကာ နျူကလီးယား ဓာတ်ပေါင်းဖို ၁၆ ခု တည်ဆောက်သွားမယ့် အစီအစဥ်ကို ၂၀၁၆ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။

၂ နှစ်အကြာမှာတော့ နျူကလီးယားစွမ်းအင်ကို တည်ငြိမ်အေးချမ်းစွာ အသုံးချနေတဲ့ နိုင်ငံတော်အဆင့် အက်တမ်မစ်စွမ်းအင်ပေါ်လစီကို ချပြနိုင်ခဲ့ပါတယ်။

ပြိုင်ဘက်အီရန်နိုင်ငံက နျူကလီးယားလက်နက် အစီအစဥ်များ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဆော်ဒီကလည်း နျူကလီးယားစွမ်းအင် အသုံးချရေးမှာ နှစ်ဖက်ခွဖို့ ကြိုးပမ်းနေတယ်လို့ ကျွမ်းကျင်သူအချို့က ယုံကြည်နေကြပါတယ်။

အိမ်ရှေ့စံမင်းသားရဲ့ ပြောကြားချက်နည်းတူ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသားဖေဆယ်ဘင်ဖာဟန်အယ်လ်ဆော့ကလည်း ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့ရာ အီရန်အနေနဲ့ နျူကလီးယားလက်နက် လှုပ်ရှားတာမျိုး ပြုလုပ်လာပါက ဆော်ဒီကလည်း လုံခြုံရေးမြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုအင်တာဗျူးမှာပဲ အစ္စရေးလ်နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အကြောင်း ပြောကြားခဲ့ရာ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေးမှာ တိုးတက်မှုရှိနေကြောင်း ဆိုခဲ့ပါတယ်။

ပါလက်စ်တိုင်းပြဿနာက အလွန်အရေးကြီးပြီး ဖြေရှင်းဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစ္စရေးလ်ဝန်ကြီးချုပ်က ဘင်ဂျမင်နေတန်ယာဟူတို့ တွေ့ဆုံပြီး အစ္စရေးလ်နဲ့ ဆော်ဒီအာရေဗျတို့ကြား သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက် ဖော်ဆောင်သွားဖို့ ကတိပြုခဲ့ကြပြီးနောက် နာရီပိုင်းအကြာမှာပဲ အိမ်ရှေ့စံမင်းသားက အခုလိုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Source: WION
#World_News
#YMG #Yangon_Times #Yangon_Media_Group