Published 7 September 2023

မရေရာ မသေချာတဲ့အလုပ်တွေမှာ လုပ်ကိုင်နေရခြင်းက စောစီးစွာ အသက်ဆုံးပါးနိုင်ချေ မြင့်မားတယ်လို့ Science Daily မှာ လေ့လာချက်အသစ်ကို ဖော်ပြထားပါတယ်။

ထိုလေ့လာချက်ကို ဆွီဒင်မှ ကူညီထောက်ပံ့ကာ မရေရာပြီး ဘေးကင်းမှုမရှိတဲ့ အလုပ်လုပ်ရခြင်းက အသက်အန္တရာယ်အပေါ် သက်ရောက်မှုများကို လေ့လာခဲ့ကြပါတယ်။

ထိုအလုပ်တွေထဲမှာ ရေတိုကာလအလုပ်မျိုး၊ လစာနည်းပါးတဲ့အလုပ်မျိုး၊ ဘေးအန္တရာယ်ရှိတဲ့ အလုပ်မျိုး၊ ရပိုင်ခွင့်မရှိတဲ့ အလုပ်မျိုးတွေ ပါဝင်ပါတယ်။

ဒီလိုအလုပ်တွေက ကြိုတင်တွက်ဆလို့ မရသလို ဘေးကင်းလုံခြုံမှုလည်း မပေးနိုင်ပါဘူး၊
ဒီလေ့လာချက်က မရေရာမသေချာတဲ့ အလုပ်ကနေ တည်တံ့ခိုင်မာတဲ့ အလုပ်ကို ပြောင်းလဲခြင်းက အသက်ဆုံးပါးနိုင်ချေ လျှော့ချနိုင်တာကို ပြသနေတဲ့ ပထမဆုံးလေ့လာချက် ဖြစ်ကြောင်း ကယ်ရိုလင်စကာတက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာ သီယိုဘိုဒင်က ဖော်ပြထားပါတယ်။

သုတေသီတွေက ၂၀၀၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း  ဆွီဒင်မှ အသက် ၂၀ နှစ်မှ ၅၅ နှစ်ကြားရှိ ဝန်ထမ်း ၂ သိန်းခွဲကို လေ့လာခဲ့ကြပါတယ်။

မသေချာ မရေရာတဲ့အလုပ်ကနေ ခိုင်မာသေချာတဲ့ အလုပ်ကို ကူးပြောင်းလာတဲ့သူတွေရော၊ မတည်မြဲနိုင်တဲ့ အလုပ်မျိုးမှာပဲ ဆက်လက်လုပ်ကိုင်နေသူတွေရော ပါဝင်ခဲ့ပါတယ်။

မရေရာတဲ့အလုပ်ကနေ သေချာရေရာတဲ့ အလုပ်ကို ပြောင်းသွားသူတွေဟာ မပြောင်းတဲ့သူတွေထက် စောစီးစွာ အသက်ဆုံးပါးနိုင်ချေ ၂၀ ရာခိုင်နှုန်း လျော့နည်းနေပါတယ်။

သေချာခိုင်မြဲတဲ့အလုပ်မှာ ဆက်လုပ်နေသူတွေက ၃၀ ရာခိုင်နှုန်းအထိ လျော့နည်းတာကို တွေ့ရှိခဲ့ပါတယ်။

လူဦးရေအများအပြားကို စမ်းသပ်ထားတာကြောင့် အသက်အရွယ်၊ ရောဂါအခြေအနေများ၊ အခြားပြဿနာရေးရာများကိုလည်း ထည့်သွင်းစဥ်းစားရတယ်လို့ စာတမ်းပြုစုသူ နူရီယာမာတီလာဆန်တန်ဒါက ဖော်ပြထားပါတယ်။

ဒါပေမဲ့ လေ့လာတဲ့နည်းလမ်းများအရ စောစီးစွာ အသက်ဆုံးပါးနိုင်ချေ မြင့်မားတာက ပုဂ္ဂိုလ်ရေးရာ အချက်အလက်များထက် မရေရာ မသေချာတဲ့အလုပ်နဲ့ ပိုပြီးသက်ဆိုင်နေတယ်ဆိုတာ သေချာကြောင်း၊ အလုပ်အကိုင်တွေထဲမှာ မရေရာပြီး လုံခြုံမှုမရှိတဲ့ အလုပ်တွေကိုလျှော့ချနိုင်ရင် အရွယ်မတိုင်ခင် သေဆုံးမှုတွေကိုလည်း လျှော့ချနိုင်မှာဖြစ်ကြောင်း ပြောပြသွားပါတယ်။

ယာယီအလုပ်မျိုးကနေ ခိုင်မာသေချာတဲ့ အလုပ်မျိုးကို ပြောင်းလဲလုပ်ကိုင်လာသူတွေက အသက်အန္တရာယ်ဆုံးရှုံးနိုင်ချေ နည်းပါးသွားကြောင်း ဖင်လန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံတို့မှ လေ့လာချက်တွေမှာလည်း တွေ့ရှိခဲ့ပါတယ်။

ဝင်ငွေမတည်မြဲခြင်းနဲ့ အသက်အန္တရာယ်မြင့်မားမှုတို့ကြား တိုက်ရိုက်ဆက်စပ်မှုကိုလည်း အမေရိကန်တို့က လေ့လာတွေ့ရှိထားပါတယ်။

လုံခြုံမှုမရှိဘဲ ရေရာမှုမရှိတဲ့ အလုပ်တွေမှာ လုပ်ကိုင်ရသူတွေက စီးပွားရေးအာမခံမှု မရှိခြင်း၊ ဘေးအန္တရာယ်ကာကွယ်ရေးအတွက် လုံလောက်တဲ့ ပစ္စည်းကိရိယာများ မရှိခြင်း၊ ရေရှည်စိတ်ဖိစီးမှု ခံစားရခြင်းတို့က စောစီးစွာ အသက်ဆုံးပါးလာဖို့ ဖြစ်လာတာဖြစ်ပါတယ်။
Source: The Jerusalem Post.
#World_Health
#YMG #Yangon_Times