#World_News
Publilshed 3 September 2023


အမျိုးသမီးတစ်ဦးဟာ ရောဂါလက္ခဏာအမျိုးမျိုးကြောင့် ဆေးရုံသို့ မကြာခဏလာနေခဲ့ရကာ နောက်ဆုံးမှာတော့ ဆရာဝန်တွေက သူမရဲ့ဦးနှောက်ထဲမှာ သန်ကောင်တစ်ကောင် ရှင်သန်နေထိုင်နေတာကို တွေ့ရှိခဲ့ကြပါတယ်။

 

၂၀၂၁ ခုနှစ်ကတည်းက အသက် ၆၄ နှစ်ရှိ အမျိုးသမီးဟာ အဆုတ်ရောင်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ အဖျားတက်ခြင်း၊ ညဘက်ချွေးပြန်ခြင်းတို့ ခံစားရတာကြောင့် ဆရာဝန်တွေက စတီးရွိုက်တွေ၊ အခြားဆေးဝါးတွေနဲ့ ကုသပေးနေခဲ့ပါတယ်။

 

၂၀၂၂ မှာတော့ သူမမှာ စိတ်ဓာတ်ကျခြင်းနဲ့ မေ့လျော့တတ်ခြင်းတို့ပါ ခံစားလာရတဲ့ အခါမှာတော့ ဦးနှောက်ကို MRI စကင်ရိုက်ခိုင်းခဲ့ကာ ပုံမှန်မဟုတ်တာကို တွေ့ရှိခဲ့ပြီး ခွဲစိတ်ဖို့ အကြံပြုခဲ့ကြပါတယ်။

 

ဒါပေမဲ့ အဲဒီထဲမှာ တွန့်လိမ်သွားလာနေတဲ့ သန်ကောင်တစ်ကောင်ကို မြင်တွေ့ရလိမ့်မယ်လို့ မထင်မိခဲ့ကြကြောင်း ကူးစက်ရောဂါအထူးကု ဒေါက်တာဆန်ဂျာယာဆယ်နာနာယာကီက ပြောပြခဲ့ပါတယ်။

 

၃ လက်မရှည်ပြီး အနီရောင်ရဲနေတဲ့ Ophidascaris robertsi သိပ္ပံအမည်ရှိ ကပ်ပါးသန်ကောင်ကို ထိုအမျိုးသမီးရဲ့ ဦးနှောက်ထဲမှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

 

ပိုပြီးထူးဆန်းတာက ဒီသန်ကောင်မျိုးဟာ ကောဇောစပါးအုံးမြွေတွေမှာ တွေ့ရတတ်တာပါပဲ။


ဒီလိုမျိုးသန်ကောင်ကို လူတစ်ယောက်မှာ တွေ့ရတာဟာ ဒါပထမဆုံးပဲ ဖြစ်ပါတယ်။

 

သူမဟာ မြွေတွေနဲ့ တစ်ခါမှ မထိတွေ့ဖူးပေမယ့် သူနေထိုင်တဲ့နေရာ အနီးနားက ရေကန်မှာတော့ မြွေပေါများတယ်လို့ သိရပါတယ်။

 

ဖြစ်နိုင်တာတစ်ခုကတော့ ထိုအမျိုးသမီးခူးယူတဲ့ နယူးဇီလန်ဟင်းနုနွယ်ရွက်တွေမှာ သန်ကောင်ဥတွေ ရောက်နေတာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

 

ဒီလိုမျိုးပထမဆုံး တွေ့ရှိမှုက တိရိစ္ဆာန်တွေမှာသာ တွေ့ရတတ်တဲ့ ကူးစက်မှုတွေက လူသားတွေဆီကို ရောက်လာနိုင်တယ်ဆိုတာကို ဖော်ပြနေပါတယ်။

 

တစ်ကမ္ဘာလုံးက ကူးစက်ရောဂါတွေရဲ့ ၇၅ ရာခိုင်နှုန်းက သတ္တဝါချင်းကူးစက်တဲ့ ရောဂါတွေဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်လိုမျိုး တိရိစ္ဆာန်ကနေ လူသားတွေကိုပါ ကူးစက်လာကြတာ ဖြစ်ပါတယ်။


အဆိုပါအမျိုးသမီးဟာ ရောဂါလက္ခဏာအချို့ ကျန်ရှိနေသေးပေမယ့် ကောင်းမွန်လာပြီဖြစ်ပါတယ်။

 

Source: New York Post #World_News #သန်ကောင်တစ်ကောင်ကိုတွေ့ရှိ
#Yangon_Times