Published 6 May 2023

လွန်ခဲ့တဲ့ (၃)နှစ်အတွင်း လူသန်းပေါင်းများစွာ၏ အသက်ကိုဇိဝိန်ချွေခဲ့ကာ မညီမျှမှုများနက်ရှိုင်းခဲ့ပြီး စီးပွားရေးများ  ကျဆင်းစေခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးသည် ယခုအခါ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေး အခြေအနေအဆင့်မှ အဆုံးသတ်သွား ပြီဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေလ ၅ရက် သောကြာနေ့ ကြေညာခဲ့ပါတယ်။

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်ကော်မတီဟာ ယမန်နေ့က ၁၅ကြိမ်မြောက်စည်းဝေးခဲ့ပြီးနောက် နိုင်ငံတကာ  စိုးရိမ်ပူပန်ရတဲ့ ပြည်သူ့ကျန်းမာရေးအ‌ေရေးပါ်အခြေအနေအဆုံးသတ်သွားပြီလို့ ကျွန်တော့်ကိုကြေညာလို့ ရအောင် သူတို့ကထောက်ခံတင်ပြခဲ့ကြပါတယ်။ သူတို့အကြံပေးတာကို ကျွန်တော်လက်ခံပြီး  ကိုဗစ်-၁၉သည် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဆုံးသတ်သွားပြီလို့ ကြီးမားတဲ့မျှော်လင့်ယုံကြည်မှုနှင့်အတူ ကျွန်တော် ကြေညာပါတယ်”လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရော့စ် အက်ဟန်နွမ်ဂီဘရီရက်ဆပ်စ်က သတင်းထောက် တွေကိုပြောကြားပါတယ်။ ကိုဗစ်ကပ်ကြောင့် အနည်းဆုံး လူသန်း၂၀သေဆုံးခဲ့ရတယ်လို့သူကခန့်မှန်းပါတယ်။ ဒီခန့်မှန်းချက်ဟာ တရားဝင်ခန့်မှန်းထားတာထက်သုံးဆခန့်များနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လွတ်လပ်သော အရေးပေါ်ကော်မတီက ကြာသပတေးနေ့မှာ စည်းဝေးခဲ့ကြပြီးနောက် ဒီကြေညာချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီအကျပ်အတည်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာ အမြင့်မားဆုံး    တပ်လှန့်မှု မရှိတော့ဘူးလို့ သူတို့က သဘောတူခဲ့ကြပါတယ်။

ဒီလိုပြောလိုက်လို့ ခြိမ်းခြောက်မှုတွေမရှိတော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလို့လည်း တက်ဒရော့စ်က သတိပေးပါတယ်။ အခြေအနေတွေပြောင်းလဲလာဦးမယ်ဆိုရင် အရေးပေါ်အခြေအနေ ပြန်ရောက်လာနိုင်ချေရှိလို့ သတိရှိနေကြဖို့ သူက ပြောပါတယ်။

“ ဒါပေမယ့် ဒီလိုကြေညာလိုက်တာက ကိုဗစ်-၁၉ဟာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုပြီးဆုံးသွားပြီဆိုတဲ့ အဓိပ္ပါယ်  မဟုတ်ဘူး” လို့ သူကပြောပါတယ်။

“ဘယ်နိုင်ငံမဆိုအဆိုးရွားဆုံးလုပ်နိုင်တဲ့ကိစ္စက ဒီသတင်းကို အကြောင်းပြချက်တစ်ခုအနေနှင့်သုံးပြီး စောင့်ကြည့်တာ တွေဖြုတ်တာ၊တည်ဆောက်ပြီးသားစနစ်တွေဖျက်ပစ်တာ၊ ပြီးတော့ လူတွေကို ကိုဗစ်ဟာ စိတ်ပူစရာမလိုတော့ဘူးဟေ့ လို့ သတင်းတွေပေးတာတွေပဲဖြစ်တယ်” လို့ သူကထောက်ပြပါတယ်။

၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၃၀ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာစိုးရိမ်ပူပန်စရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကိုကြေညာခဲ့တာဖြစ်ပါတယ်။

Source WION

#ကိုဗစ်-၁၉

#ကမ္ဘာလုံးဆိုင်ရာအရေးပေါ်ကျန်းမာရေးအခြေအနေပြီးဆုံး

#YangonMediaGroup