#World_Health
Published 31 March 2023

၁၉၇၀ ဝန်းကျင်က အမေရိကန် မာဆာချူဆက် နည်းပညာတက္ကသိုလ်မှ 'အိုင်ယွန်နက်စ်ယန်နက်စ်'နဲ့ ဒေါက်တာ'ဂျွန်ဘာ့ခ်'တို့ရဲ့ အရေပြားတုဖန်တီးမှုက အခုအချိန်မှာ အခြားကုသနည်းတွေမှာပါ အသုံးပြုနေပါပြီ။

မီးပူလောင်ပြီး အရေပြားပျက်စီးသွားတဲ့လူတွေမှာ အရေပြားတုကို အဓိကအသုံးပြုကြပါတယ်။

ဒိန်းမတ် ကိုပင်ဟေဂင်တက္ကသိုလ်မှ သုတေသီများက လူ့အရေပြားတုကိုအသုံးပြုပြီး အရေပြားကင်ဆာပုံစံထဲက ကင်ဆာဆဲလ်ကြီးထွားမှုကိုပိတ်ဆို့နိုင်ခဲ့ပါတယ်။

အရေပြားတုထဲမှာ ခန္ဓာကိုယ်နဲ့ အခြားအင်္ဂါများရဲ့ပုံစံကို ထိန်းသိမ်းကာ အတွင်းပိုင်းကိုပံ့ပိုးပေးတဲ့ တွယ်ဆက်တစ်ရှူးများဖွဲ့စည်းခြင်းကို ပံ့ပိုးပေးတဲ့ fibroblast တွေနဲ့ ပေါင်းစပ်မယ့် ကော်လာဂျင်ဂျယ်လ်တွေပါဝင်ကြောင်း ဦးဆောင်သုတေသီပရော်ဖက်ဆာ 'ဟန်စ်ဝမ်ဒေါလ်'က ရှင်းပြသွားပါတယ်။

အရေပြားမျက်နှာပြင်ပေါ်ရှိ keratinocytes တွေကို အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်တဲ့အခါ ပုံမှန်လူ့အရေပြားနဲ့ဆင်တူတဲ့ အလွှာပေါင်းစုံအဖုံးတစ်ခုပြုလုပ်ရန် အလွှာထိပ်မှာ ကြီးထွားလာတာဖြစ်ပါတယ်။

ဘာ့ခ်နဲ့ ယန်းနက်စ်တို့ရဲ့တီထွင်မှုကို အင်တီဂရာကုမ္ပဏီက အသုံးပြုထုတ်လုပ်နေပါတယ်။

ထိုကုမ္ပဏီက အရေပြားဆဲလ် ပြန်လည်ဖွံ့ဖြိုးလာစေတဲ့ ထုတ်ကုန်တွေကို ပြုလုပ်နေတာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့နည်းလမ်းက အရေပြားတစ်ရှူးပြန်လည် ဖွံ့ဖြိုးခြင်းနည်းလမ်းအဖြစ် အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေး (FDA)က အသိအမှတ်ပြုထားပါတယ်။

အခုဆိုရင် အရေပြားတု နောက်ထပ်အမျိုးအစားတွေဖြစ်တဲ့ Episkin နဲ့ Genoskin တို့ပါပေါ်ပေါက်လာပြီး သုတေသနလုပ်ငန်းများနဲ့ မီးလောင်ခံရတဲ့လူနာတွေအတွက် အသုံးပြုနေပါပြီ။

ထိုထုတ်ကုန်တွေကို သုတေသနလုပ်ငန်း၊ ဆေးဝါးစမ်းသပ်ခြင်း၊ အလှကုန်ပစ္စည်းစမ်းသပ်ခြင်းတို့အတွက် ကမ္ဘာတဝှမ်းရှိ ဓာတ်ခွဲခန်းတွေမှာ အသုံးပြုနေပါတယ်။

ကျန်းမာသန်စွမ်းတဲ့ဆဲလ်တွေက ဆဲလ်အသစ်တွေ အလွှာတွေကို လိုအပ်သလိုထုတ်လုပ်ပေးပေမယ့် ကင်ဆာဆဲလ်တွေကတော့ ဒီဖြစ်စဉ်တွေကိုဆန့်ကျင်ပြီး အရေပြားအလွှာအမျိုးမျိုးကြား ဆဲလ်တွေက ကပ်လျက်ရှိမနေတော့ဘဲ ကျူးကျော်ကြီးထွားလာကြတာဖြစ်ပါတယ်။

ကင်ဆာဆဲလ်တွေ ပြုမူပုံကိုသိရှိရန်အတွက် ဝမ်ဒေါလ်က 3D အရေပြားပုံစံနဲ့ မျိုးဗီဇပြုပြင်ပြောင်းလဲမှုပြုလုပ်ပြီး လူ့အရေပြားဆဲလ်တွေကို ပြောင်းလဲဖို့ကြိုးစားခဲ့ပါတယ်။

အဆိုပါနည်းလမ်းက အခြားအရေပြားပြဿနာတွေမှာလည်း ကုသဖို့အတွက် အကူအညီဖြစ်လာစေနိုင်ပါတယ်။

Source: South China Morning Post
#အရေပြားကင်ဆာ # မီးလောင် #အရေပြားတု
#YMG #Yangon_Media_Group