၂၀ ဖေဖော်ဝါရီ ၂၀၂၄

မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေ   ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့ ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒုတိယ  ပါတီ  အတွင်းရေးမှူးနှင့်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံစဉ် ဆွေးနွေးပြောဆိုခဲ့ကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးနှင့်ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည် နှစ်နိုင်ငံအကြား နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များနှင့် အဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများအပြန် အလှန်သွားရောက်ခဲ့မှုနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးတက်စေရေး ဆက်လက်၍လည်းအပြန်အလှန်သွားရောက်မည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား နိုင်ငံရေးပိုင်းဆိုင်ရာယုံကြည်မှု ပိုမိုတိုးတက်လာစေရေးနှင့် စီးပွားရေးဆိုင်ရာဆက်သွယ်ဆက်ဆံမှု ပိုမိုမြှင့်တင်နိုင်ရေး အစိုးရချင်း ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများကိုဆွေးနွေးခဲ့ကြကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရသိရှိရသည်။

ယင်းအပြင်မြန်မာနိုင်ငံနှင့်ယူနန်ပြည်နယ်အကြား နယ်နိ မိတ်ထိစပ်မှုအများဆုံးဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုများ  တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများပြန်လည်ကောင်းမွန်လာ စေရေးဆောင်ရွက်ရမည့်အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း  ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများ၊ နယ်စပ်ဒေသတွင် အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများပပျောက်စေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ဆက်လက်ဆွေး နွေးခဲ့ကြသည်ဟုသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးသည် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ် နှိမ်နင်းရေးအတွက် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း  များတိုးတက်စေရေးအတွက် ယူနန်ပြည်နယ်အနေဖြင့် နည်းပညာအကူအညီများပေးအပ်သွားမည့် အခြေအနေ  များ၊နယ်စပ်ဒေသကုန်သွယ်မှုများ ဆောင်ရွက်ရာတွင်မြန်မာကျပ်ငွေနှင့် တရုတ်ယွမ် တို့အား တိုက်ရိုက်ပေးချေ ခြင်းကြောင့် ကုန်သွယ်မှုများပိုမိုအဆင်ပြေချောမွေ့သည့် အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်မှုအတွက် အဓိက   အရေးပါသည့် ရထားလမ်းများ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် မော်တော်ကားလမ်းများ လမ်းပန်း  ဆက်သွယ်မှုချောမွေ့စေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် နှစ်နိုင်ငံအကြား လျှပ်စစ်ဓာတ်အား ထုတ်  လုပ်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ပန်းမန်စိုက်ပျိုးရေးကဏ္ဍနှင့် အခြားကဏ္ဍ    ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ  ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒုတိယပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးMr. Chen Hai နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

@ymg/knl