၂၅ ဒီဇင်ဘာ ၂၀၂၃

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ် ဆေးဝါး တရားမဝင် ထုတ်လုပ်ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ အကြမ်းဖက်မှုများ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ စသည့် ရာဇဝတ်မှုများသည် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့် အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။

ယနေ့ဒီဇင်ဘာ ၂၅ရက် မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည့်( ၄)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးရာ၌ ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီအတွက် “မဲခေါင်-လန်ချန်း လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန” က ဆောင်ရွက်လျက်ရှိ သည့် ဒေသတွင်း ပူးပေါင်းညှိနှိုင်းရေးအခန်းကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ် ပြုပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိကာလအတွင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်း တန်ဖိုးရှိသည့် အထူးရန်ပုံငွေ စီမံကိန်း ၁၀၆ ခုရရှိထားပြီး နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အထောက်အကူပြုလျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း နိုင်ငံများအား အထောက်အပံ့နှင့်အကူအညီများ ဆက်လက်ပေးအပ်နေမှုအပေါ် ကျေးဇူးတင်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

နေပြည်တော် တွင် “အမျိုးသားကူးစက်ရောဂါကာကွယ်ရေးနှင့် လေ့ကျင့်ရေးစင်တာ” တည်ဆောက် ရန် အတွက် အကူအညီများ ပေးအပ်ခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်းနှင့် အဆိုပါစင်တာသည် ၂၀၂၄ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ပြီးစီးမည်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ကျေးဇူးတင်စကားပြောကြားပါတယ်။

ယင်းအပြင်  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် အောက်တွင် အချင်းချင်းအပြန်အလှန် အကူအညီပေးသင့်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုလိုက်ပြီး ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းနှင့် မဲခေါင်- လန်ချန်း ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများမှတစ်ဆင့် အကောင်အထည်ဖော် ဆောင် ရွက်သင့်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက အကြံပြုပြောဆိုပါတယ်။

“မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆန်းသစ်တီထွင်မှုစင်္ကြံ” ဖော်ဆောင်မှုနှင့် “အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်းဆက်နွှယ်မှု တိုးမြှင့်ရေးဆိုင်ရာ စီမံချက်” ရေးဆွဲမှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြဖို့လည်း ဗိုလ်ချုပ်မှူးကြီးက မဲခေါင်-လန်ချန်းနိုင်ငံ့အကြီးအကဲများကို တိုက်တွန်းပြောဆိုပါတယ်။

“မဲခေါင်‘လန်ချန်း ခရီးသွားလာရေး မြို့တော်များ တည်ထောင်ခြင်း”၊ “မဲခေါင်- လန်ချန်း လေကြောင်းခရီးသွားလာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် မိတ်ဖက် ထူထောင်ခြင်း” လုပ်ငန်းစဉ်များကို ကြိုဆိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုခဲ့ပါတယ်။

အစည်းအဝေးတွင် နစက ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်း တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်၊ လာအို ပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆရက်ထာ ထာဗီဆင် နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖန်မင်ချင်း တို့တက်ရောက်ခဲ့ကြပါတယ်။

ပူးတွဲဥက္ကဋ္ဌများက အဖွင့်အမှာစကားများ အသီးသီးပြောကြားပြီး မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ အပေါ်သုံးသပ်ကာ၊ အနာဂတ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးတွင် အနာဂတ်လုပ်ငန်းအစီအစဉ်များအတွက် မူဝါဒလမ်းညွှန် တစ်ရပ်အဖြစ် “နေပြည်တော်ကြေညာစာတမ်း” နှင့် အဖွဲ့ဝင်နိုင်ငံများအကြား အိမ်နီး ချင်းကောင်းပီသမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၃-၂ဝ၂၇)” နှင့် “ မဲခေါင်-လန်ချန်း တီထွင်ဆန်းသစ်မှုစကြီ ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ်” တို့ကို အတည်ပြု ထုတ်ပြန်ခဲ့ကြတယ်လို့သိရပါတယ်။

အစည်းအဝေးတွင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံ သို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

(၄) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် တာဝန် ရှိသူများ ပါ ဝင်တက်ရောက်ခဲ့ကြပါတယ်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ အဖွဲ့ဝင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်၏ အလှည့်ကျ ပူးတွဲဥက္ကဋ္ဌတာဝန်ကို အမြဲတမ်းပူးတွဲဥက္ကဋ္ဌ ဖြစ်သည့် တရုတ်နိုင်ငံနှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ အထိ အောင်မြင်စွာ ပူးတွဲထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

-ymg/knl