Published 2 April 2023

မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အဆင့်မြင့် ကော်မတီတစ်ခုကို နစက ဥက္ကဋ္ဌဦးဆောင်ပါဝင်၍ ဖွဲ့စည်းခဲ့တယ်လို့ သိရှိရပါတယ်။

အဆိုပါကော်မတီမှာ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI) အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီဖြစ်ပြီး ၂၀၂၃ခုနှစ်ဖေဖော်ဝါရီ (၁၇)ရက်နေ့က နစက အမိန့်ကြော်ငြာစာအမှတ်  ၄၀/၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။

မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ကဏ္ဍအလိုက်သော်လည်းကောင်း၊ သက်ဆိုင်ရာ ြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအကြားတွင်လုပ်ငန်းတာဝန်များကိုအစဉ်တစိုက် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက်သော်လည်းကောင်း အကောင်အထည်ဖော်ခြင်း၊ ဆန်းစစ်လေ့လာသုံးသပ်ခြင်းနှင့် မူဝါဒချမှတ်ခြင်းတို့ကို ပိုမိုထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်ပြင်ဆင်ဖွဲ့စည်းရတာဖြစ်တယ်လို့ အဆိုပါ အမိန့်ကြော်ငြာစာမှာ ဖော်ပြပါရှိပါတယ်။

အဆိုပါဦးဆောင်ကော်မတီတွင် နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် အတွင်းရေးမှူးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တို့က ပါဝင်ဆောင်ရွက်ကြပါတယ်။

ဦးစီးကော်မတီ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီး (၂၂)ဦး၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကချင်၊မန္တလေး၊ရခိုင်၊ရန်ကုန်နှင့်ရှမ်းတို့မှ  ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် (၅)ဦး၊ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပို့/ဆက် ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီး(၂)ဦးတို့ပါဝင်ကြပါတယ်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” ခေါင်းစဉ်အောက်မှပူးပေါင်းဆောင်ရွက်မှု   များပြုလုပ်ရာတွင် ဝန်ကြီးဌာနများ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်မှုပေးခြင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” နှင့်သက်ဆိုင်သည့် ပူးပေါင်းဆောင်ရွက်  မှုများပြုလုပ်ရာတွင် မူဝါဒနှင့်သက်ဆိုင်သည့် လမ်းညွှန်မှုများပေးခြင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” နှင့်စပ်လျဉ်း၍ မူဝါဒဆိုင်ရာညှိနှိုင်းရမည့်အကြောင်းအရာများ ပေါ်ပေါက်လာပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြလမ်းညွှန်မှုခံယူခြင်း၊“ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” နှင့်စပ်လျဉ်း၍ သုတေသနလေ့လာနိုင်ရေးအတွက်   ကျွမ်းကျင်ပညာရှင်များအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းတို့ကို အဆိုပါဦးစီးကော်မတီက ဆောင်ရွက်မယ်လို့လည်း သိရှိရပါတယ်။

နစကရဲ့ ၁၁-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၂၁နှင့် ၄-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၇၂/၂၀၂၁ တို့ကို ယခု အမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်တယ်လို့လည်း အမိန့်ကြော်ငြာစာမှာဖော်ပြပါရှိပါတယ်။#

-ymg/knl

#ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI) အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ

#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်

#မြန်မာ-တရုတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု

#YangonMediaGroup