#Local_News
Published_  24 December 2022

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မမြို့တွင် ယနေ့ ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်း၌ ဖမ်းဆီးရမိထားသော ဆိုင်ကယ်ပါဝါအိတ်ဇော ၃၅၂ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တာချီလိတ် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ သိရသည်။

 

တာချီလိတ်တွင် ဆိုင်ကယ်ပါဝါအိတ်ဇောဖွင့်မောင်းနှင်သူများကို မော်တော်ယာဉ်ဥပဒေအရ တရားစွဲဆိုခဲ့ပြီးနောက် ဖမ်းဆီးရမိသည့် ပါဝါအိတ်ဇောများကို ယနေ့တွင် တာလော့ရပ်ကွက် ခရိုင်စုပေါင်းရုံးအရှေ့တွင် အခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

 

"ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်ပါဝါအိတ်‌ဇောတွေကို မီးရှို့ဖျက်ဆီးခဲ့တာ မှန်ပါတယ်။ လောလောဆယ် ပြောပေးမယ့်တာဝန်မှူးက ယာဉ်တိုက်မှုတစ်ခုအတွက် သွားရောက်ဆောင်ရွက်နေပါတယ်။ ပြန်လာရင်သတင်းပို့ပေးပါ့မယ်"ဟု ယာဉ်ထိန်းရုံးတာဝန်ခံ ရဲမေတစ်ဦးက ဆိုသည်။

 

ယနေ့တွင် ဆိုင်ကယ် ပါဝါအိတ်ဇောများကို မီးရှို့ဖျက်ဆီးသည့်အပြင် မြို့တွင်း၌ ဆိုင်ကယ်ဦးထုတ်မပါ မောင်းနှင်သူများအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးကာ" ကြီးမြတ်သောရွှေမြင်း" ဆောက်လုပ်ရေးကုမ္ပဏီမှ လှူဒါန်းသည့် ဆိုင်ကယ်ဦးထုပ် အလုံး ၃၀၀ အား အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

 

တာချီလိတ်မြို့သည် ဆိုင်ကယ်မြို့တော်ဟုခေါ်တွင်နိုင်ပြီး၊ ယာဉ်စည်းကမ်း လမ်းဆီးကမ်းဖောက်ဖျက်မှု အများဆုံးမြို့လည်းဖြစ်သည်။

 

#ymg/myn
#Yangon_Media_Group