#Local_News
Published_26 August 2022

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်ဝန်ဆောင်မှုပေး ပြေးဆွဲနေသော YBS ယဉ်လိုင်းများမှ YBS စံပြယာဉ်မောင်းဆု၊ YBS တာဝန်သိယာဉ်မောင်းဆုနှင့် ၂၀၂၁ ခုနှစ်အတွင်း ခရီးသည်ပို့ဆောင်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော YBS ကုမ္ပဏီများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရှင်တို့အား ယနေ့ သြဂုတ်လ ၂၆ ရက်တွင် ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင် YBS ယာဉ်လိုင်းပေါင်း ၂၀ မှ စည်းကမ်းပိုင်းနှင့် ဝန်ဆောင်မှုကောင်းမွန်သော ယာဉ်မောင်းများအား ရွေးချယ်ရာတွင် ယာဉ်လိုင်းပေါင်း ၂၀ တွင် စည်းကမ်းပိုင်းနှင့် ဝန်ဆောင်မှုကောင်းမွန်သော ယာဉ်လိုင်းများကို ကုမ္ပဏီတစ်ခုလျှင် ယာဉ်မောင်းသုံးဦးကျ ရွေးချယ်ကာ စုစုပေါင်း ယာဉ်မောင်း ၆၀ တို့ကို တစ်ဦးလျှင် ငွေကျပ် သုံးသိန်းဖြင့် ဂုဏ်ပြုခြင်း ဖြစ်ကြောင်းလည်းသိရသည်။

 

ယင်းတွင် အကျင့်စာရိတ္တကောင်းမွန်မှုအဖြစ် ခရီးသည်များကျန်ရစ်ခဲ့သော တန်ဖိုးကြီးပစ္စည်းနှင့် ငွေကြေးများကို ပြည်သူတိုလက်ဝယ်အရောက် ပေးအပ်ခဲ့သော ယာဉ်မောင်း ၂၀ တို့ကိုလည်း ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

 

ရန်ကုန်မြို့ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် ခရီးသွား ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စီးခပိုမို ကောက်ခံသော ယာဉ်လိုင်းများကို စုံစမ်းစစ်ဆေးရေး၊ စည်းကမ်းဖောက်ဖျက်သော မော်တော်ယာဉ်များအား CNG ပိတ်သိမ်းရေးတို့ကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ymg/mt
#Yangon_Media_Group