#Local_News
Published_ 21 Aug 2022

 

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ နစက ဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် တောင်ကြီးမြို့မှလည်းကောင်း၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် တာချီလိတ်မြို့မှလည်းကောင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် စစ်တွေမြို့မှလည်းကောင်း ဒီကနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြပါတယ်။

 

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ Horizon Lake View Resort သို့လည်းကောင်း၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် နေပြည်တော်လေဆိပ်သို့လည်းကောင်း ယနေ့မွန်းလွဲပိုင်းတွင် အသီးသီးသီးရောက်ရှိခဲ့ကြပါတယ်။

 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့များနှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ် မေလမှ ဩဂုတ်လအတွင်း ဆောင်ရွက်ခဲ့ပြီး၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းကြရန် သဘောတူညီနိုင်ခဲ့ကြောင်း သိရပါတယ်။

 

ယခုဒုတိယအကြိမ် လာရောက်ဆွေးနွေးရာတွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နိုင်ငံရေးလိုလားချက်နှင့် အနာဂတ်လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းရန် လမ်းဖွင့်ထားကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မလာရောက်သေးသည့် တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း မည်သည့်အခြေအနေမျိုးတွင်မဆို ကြိုတင်ကန့်သတ်ချက်မထားဘဲ လာရောက်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group