၂၁ ဧပြီ ၂၀၂၄

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား စစ်ပွဲတွေကြောင့် မြဝတီမှ မဲဆောက်သို့ ထွက်ပြေးလာကြတဲ့ မြန်မာဒုက္ခသည် ၃၀၀၀ဦးခန့်ကို လက်ခံထားရတယ်လို့ ထိုင်းအရာရှိတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာကရေးသားလိုက်ပါတယ်။

မဲဆောက်ကိုရောက်လာတဲ့ မြန်မာဒုက္ခသည် ၃၀၀၀ခန့်အထိ မြင့်တက်လာပြီး သူတို့ကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စောင့်ကြပ်မှု အောက် ထားရှိထားတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟီဒါနူကာရာက ဧပြီ ၂၁ရက် တနင်္ဂနွေနေ့က ပြောဆိုတယ်လို့လည်း အဆိုပါသတင်းမှာဖော်ပြထားပါတယ်။

အရင်က မြန်မာဒုက္ခသည်တွေ မဲဆောက်မှာ တစ်သောင်းခန့်ရှိခဲ့ပြီး သူတို့နိုင်ငံမှာ အခြေအနေတွေပုံမှန်ဖြစ်ပြီးနောက် သူတို့ ပြန်သွားကြတယ်လို့ လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

မဲဆောက်က သာဆိုင်းလုယတ်ခရိုင်ခွဲ ဘန်ဝမ်တက်ခီယမ်းရွာက ထိုင်းအိမ်တစ်အိမ်ကို  ကျဉ်ဆံတစ်ခုထိမှန်တဲ့အတွက် မြန်မာဘက်ကို သတိပေးထားတယ်လို့လည်း သူကဆက်ပြောပါတယ်။ ဒါပေမယ့် ထိခိုက်သူတစ်ဦးတစ်ယောက်မျှမရှိပါဘူး။

မြန်မာဒုက္ခသည်တွေရဲ့ ၄၀ ရာခိုင်နှုန်းခန့်ဟာ အမျိုးသမီးတွေ၊သက်ကြီးရွယ်အိုတွေနှင့် ကလေးသူငယ်တွေဖြစ်ကြပြီး အများစုဟာ အပူဒဏ်ခံစားနေကြရတယ်လို့ လုံခြုံရေးအဖွဲ့တွေကပြောပါတယ်။

လုံခြုံရေးအာဏာပိုင်တွေက အဲဒီဒုက္ခသည်တွေအတွက် မဲဆောက်မှာ ယာယီစခန်းခြောက်ခုဖွင့်လှစ်ထားရှိပေးပြီး သူတို့ကို ရှေးဦးသူနာပြုစုမှုနှင့် ဆေးဝါးကုသမှုတွေလုပ်ပေးနေတယ်လို့ သိရပါတယ်။

မြဝတီက ထိခိုက်ဒဏ်ရာရသူတွေကို မဲဆောက်ဆေးရုံမှာ ဆေးဝါးကုသပေးနေတယ်လို့လည်းဆိုပါတယ်။

နယ်စပ်တံတားအမှတ်(၁)ကို တနင်္ဂနွေနေ့မှာ ဆက်လက်ဖွင့်ပေးထားပြီး စနေနေ့ညနေမှာ မြဝတီက မဲဆောက်ကူး  လာကြသူတွေများလာပြီးတဲ့နောက် ယာဉ်ကြောနှေးကွေးနေတယ်လို့လည်းသိရပါတယ်။

ပြည်သူ့ကျန်းမာရေးစစ်ဆေးရေးအရာရှိချုပ် ဒေါက်တာဆိုဖွန်လမ်ဆီယစ်သာဝန်က လောလောဆယ်မှာ မြန်မာဒုက္ခသည် ၁၆၈၆ဦး စာရင်းဝင်နေပြီး ပိုရောက်လာဖို့ရှိနေတယ်လို့ပြောပါတယ်။ ကာကွယ်ရေဝန်ကြီးဆူတင် ကလန်ဆန်က မြဝတီမှာ စစ်ရှိန်မြင့်နေဆဲဖြစ်ပြီး ထိခိုက်ခံစားရသူတွေအတွက် ထိုင်းအစိုးရကလူသားချင်းဆိုင်ရာအကူအညီတွေပေးနေတယ်လို့ ပြောပါတယ်။ အလုံးစုံအခြေအနေကတော့ ထိုင်းအစိုးရ မျှော်လင့်ထားတဲ့ အတိုင်းပဲရှိနေပါသေးတယ်လို့ သူကပြောပါတယ်။ သူဟာ မဲဆောက်ကို လာမယ့်ရက်အနည်းငယ်အတွင်း သွားရောက်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။

အင်္ဂါနေ့မှာ ဝန်ကြီးအဖွဲ့အစည်းအဝေးခေါ်ယူမယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ဖေ့စ်ဘုတ်မှာ ရေးတင် ထားပါတယ်။ နယ်စပ်ကုန်သွယ်ရေးကိစ္စအပါအဝင်အခြေအနေတွေ စောင့်ကြပ်ကြည့်ရှုရအောင်နှင့် အဲဒီမှာရှိတဲ့ ဒေသခံတွေနှင့် လုံခြုံရေးအဖွဲ့တွေကို အားပေးဖို့အတွက် မဲဆောက်ကို သူသွားမယ်လို့လည်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားပါတယ်။

စစ်ပွဲဟာ ထိုင်းမြေကို မထိခိုက်စေဖို့အတွက် သူလိုလားပြီး မဲဆောက်ကိုပြေးလာကြသူတွေထဲ မြဝတီမှာ အလုပ်လုပ်နေကြတဲ့ လူလိမ်လူညာတွေပါမလာဖို့ အရာရှိတွေ စောင့်ကြည့်ဖို့လည်း သူက ဖေ့စ်ဘုတ်မှာရေးသားထားပါတယ်။

@ymg/knl