၁၀ ဖေဖော်ဝါရီ ၂၀၂၄

စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်သည့် ပြည်သူ့စစ်မှု   ထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ၁၀ ရက်နေ့(ယနေ့)တွင် စတင်အာဏာတည်ကြောင်း  သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ယနေ့ရက်စွဲဖြင့်နစက,ကထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ဖြင့် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေပုဒ်မပုဒ်မခွဲ(ခ)အရ ယခုကဲ့ သို့စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းဖြစ်တယ်လို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။

စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုသည်ဟူ၍ ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ(၂)၊ပုဒ်မခွဲ(ခ)တွင်ဖော်ပြထားပါတယ်။

ယင်းအပြင် ပုဒ်မ(၂)၊ပုဒ်မခွဲ(ဂ)တွင် တပ်မတော်စက်မှုလက်မှုပညာသည် ဆိုသည်မှာ တပ်မတော်တွင် အမှုထမ်း   လျက်ရှိသော ဝန်ထမ်း များအနက် ကာကွယ်ရေး ဌာနကောင်စီ အမိန့်ဖြင့် သတ်မှတ်သော ပညာသည် အုပ်စုဝင်  ဇယား၌ ပါဝင်သည့် စက်မှုလက်မှုပညာ ကျွမ်းကျင်သူကို ဆိုသည်” ဟူ၍ဖော်ပြပါရှိပါတယ်။

ပုဒ်မ(၂)၊ပုဒ်မခွဲ(ဃ)တွင် ကျွမ်းကျင်သူ ဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တက်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေသူများကို ဆိုသည်” ဟူ၍သတ်မှတ် ထားပါတယ်။

 

အဆိုပါဥပဒေပုဒ်မ(၃)အရ

“၃။ ပြည်သူ့စစ်မှုထမ်းရန်ကာလကို အောက်ပါအတိုင်းသတ်မှတ်သည်-

(က) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄)လ ထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။

(ခ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော် စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရသူများကို (၃၆) လထက် မပိုသည့် ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။

(ဂ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော ကျွမ်းကျင်သူများအား (၃၆) လထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။” ဟူ၍ ဖော်ပြထားပါတယ်။

လိုအပ်သည့်ဥပဒေနှင့်ဆက်စပ်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များ  ကိုကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၏လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” ဟုလည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် “ နိုင်ငံသားတိုင်းသည် ဥပဒေ  ပြဋ္ဌာန်း ချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၏ နိဒါန်းပိုင်းတွင် “နိုင်ငံသားတိုင်းသည် ပြည်ထောင်စု  မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာ  သင်ကြားရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်ဥပဒေပြဋ္ဌာန်းရခြင်းဖြစ် ကြောင်း”ဟူသည့် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက် မှာဖော်ပြပါရှိပါတယ်။

@ymg/knl