Published 15 January 2024

   ဂန္ထဝင်မြန်မာ တေးသံရှင်ကြီး ဦးမောင်မောင်ကြီး အသက် (၉၂) နှစ် ဟာ ယနေ့  ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၃ နာရီခွဲဝန်းကျင်က ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများထံ က သိရသည်။

    ဦးမောင်မောင်ကြီးသည် ရေဒီယိုရောင်းတမ်း ဓာတ်ပြားများ၊ ရုပ်ရှင် နောက်ခံတေးပေါင်းများစွာ သီဆိုအောင်မြင်ခဲ့သော အဆိုတော်ကြီး တစ်ဦး ဖြစ်ကာ ၂၀၀၄ ခုနှစ်တွင် နိုင်ငံတော် မှ ချီးမြှင့်သည့် လူမူထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်ခြင်း ခံရသူတယောက်ဖြစ်ကြောင်းသိရသည်။

 ပြီးခဲ့သည့် ဇန်နဝါရီ  ၉ရက်နေ့ ကလည်း ဂန္တဝင် အဆိုတော်ကြီး ဒေါ်မာမာအေးကွယ်လွန်သွားခဲ့တာဖြစ်ပြီး တိုက်ဆိုင်မှုတစမခု အဖြစ် ယနေ့ ဒေါ်မာမာအေး၏  ရက်လည်နေ့တွင်ဂန္ထဝင်တေးသံရှင်ကြီးတယောက်ဖြစ်သည့် ဦးမောင်မောင်ကြီး ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

  ဦးမောင်မောင်ကြီး - သူကလေ နဂိုတည်းကိုက ဆီးချိုအခံရှိထားခဲ့တယ်။ နားတွေဘာတွေလည်းမကောင်း မီမိုရီလည်းမကောင်းတော့ဘူး.. လူကြီးရောဂါဆုံးတာ “ ကျွန်တော်တို့ ဦးမောင်မောင်ကြီးကိုငယ်စဉ်ကတည်းက အားကျအလေးထားခဲ့တာပါ သီဆိုဟန်ထူးခြားသလို ရုပ်ရှင်မင်းသားကြီးရဲ့ ခင်မောင်ရင်ရဲ့သီချင်းတွေကိုစံထားလောက်အောင်ဆိုနိုင်တယ် ညာသံသမား သီချင်းဆိုတာ သိပ်ကိုကောင်းပြီး စနစ်ကျတယ်။ သူဆိုမယ့်သီချင်းကိုအလေးအနက်ထား။ ဘာသီချင်းဆိုဆို ရီဟာဇယ်လုပ်ပြီးဆိုတယ်။ သူ့ရဲ့ သီချင်းတွေကို လေ့လာဆန်းစစ်ခဲ့တယ်။ ချိုတေးဆက်ကိုအောင်ကိုးရေးပေးခဲ့တဲ့သီချင်းတွေထဲက သူ့ဆိုဟန်နှင့်စွဲသွားစေတဲ့ သီချင်းက စိမ်းလဲ့ညိုသီချင်းကိုသိပ်ကြိုက်တယ်။ သူ့ညီကိုလေးညွန့်ရေးခဲ့တဲ့ ရွှေညာဆီသွားမယ် ဆိုတဲ့သီချင်းသိပ်ကောင်းတယ်။ မာမာအေးရဲ့ရက်လည်မှာ ဆုံးသွားတော့ အဲဒီသီချင်းကို အမှတ်ရမိတယ်။ အဲဒီသီချင်းကို သူနှင့်မာမာအေး အတူဆိုခဲ့ကြတာလေ။ကိုမောင်မောင်ကြီးနှင့်မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့ တေးဂီတစိစစ်ရေးဘုတ်အဖွဲ့မှာ မကြာသေးခင်ကမှအနားယူထားတယ်။ ဘုတ်အထဲ ဝင်တာနှင့်သူ့ကိုသတိရနေတာပါ။မမျှော်လင့်ဘဲ ကွယ်လွန်သွားလို့ ရင်နှင့် အမျှ ခံစားရပါတယ်။ သူကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပါတယ်ဟုအဆိုတော်ကြီးသန်းမြတ်စိုးက ဝမ်းနည်းကြောင်းပြောကြားသည်။

 ဦးမောင်မောင်ကြီးကို ဖခင် ဦးခင်စိန်နဲ့  မိခင် ဒေါ်ခင်ညွှန့်ရင်တို့မှ ၁၉၃၁ ခုနှစ်မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး ငယ်မည်မှာ မောင်မောင် ဖြစ်ကြောင်းသိရသည်။

 ဂီတနယ်သို့ ၁၉၄၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သည်။ မောင်မောင်ကြီး၏ ဂီတဆရာများမှာ ဆရာကြီး ဦးလှဖေနှင့် ဆရာကြီး ဦးအလီတို့ဖြစ်ကြသည်။ ဆရာကြီးများထံတွင် မဟာဂီတကို လေ့လာ ဆည်းပူးခဲ့သည်။ ၁၉၅၃ခုနှစ်တွင် ကျင်းပသည့် ယဉ်ကျေးမှုအနုပညာ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဟာဂီတ အဆိုပထမ ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

    မောင်မောင်ကြီး ပထမဆုံး သီဆိုခဲ့သော သီချင်းမှာ ၁၉၅၀ ခု BSC ကောလိပ်ကျောင်း သင်္ကြန်အဖွဲ့အတွက် ဆရာရွှေပြည်အေး ရေးစပ်ပေးသည့် သီချင်းတစ်ပုဒ်ကို အေဝမ်းခင်မောင်အဖွဲ့နှင့် တပ်မတော် အသံလွှင့်ရုံမှ အသံလွှင့်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ဂီတလုလင်အပျော်တမ်း တူရိယာအဖွဲ့တွင် ပင်တိုင် အဆိုတော်အဖြစ် မြန်မာ့ အသံမှ အသံလွှင့်ခဲ့သည်။

မဟာဂီတသီချင်းကြီးများကို စောင်းဦးခင်မြင့်၊ ရွာစား စိန်ဗိုလ်တင့် အဖွဲ့တွင် သီဆို အသံလွှင့်ခဲ့သည်။ ကာလပေါ်သီချင်းများကို ဂီတလုလင် အဖွဲ့၊ ဂီတလုလင် မောင်ကိုကိုအဖွဲ့၊ ချိုတေးဆက်၊ စစ်ရုံးအဖွဲ့၊ ကေသီပန်၊ စန္ဒရားနီနီ၊ စန္ဒာ၊ စန္ဒရားချစ်ဆွေ၊ ပျဉ်းမနားမြင့်လှိုင်အဖွဲ့များတွင် သီဆို အသံလွှင့်ခဲ့သည်။
အဆိုတော်ဦးမောင်မောင်ကြီး အောင်မြင်ကျော်ကြား လူကြိုက်များသော တေးသီးချင်းအချို့မှာ “တစ်ခုတည်းသော ရည်မှန်းချက်” “နှစ်ဆင့်မေတ္တာ” “နွဲ့နှောင်း” “ရွှေညာဆီသွားမယ်” “အကျည်းတန်ချစ်သူ” “ကွမ်းတောင်ကိုင်” “အိပ်မက်နိုင်ငံ” “မေတ္တာဇာတ်လမ်း” “ပင်တိုင်ကျော့မှူး” “ဝေးပြီမွှေးရယ်” “တန်ပါ့မဖုရား” “မေတ္တာနုနုစေလာရင်ကွယ်” “စိမ်းလဲ့ညို” “အချစ်ကို ဘယ်လိုပြောရမယ် ” “ကျမျက်ရည် မကြေညာစတမ်း” “အမိုက်မလေး ငှက်ငယ်” “သစ်ခြောက်ပင်အောက် ပန်းကောက်သူ” “လွမ်းအိပ်မက်က သံသရာရှည် ” “ကျိုက္ခမီသောင်ယံမှ မောင်းမကန်အိပ်မက် ” စသည်တို့ ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published 15 January 2024
#YMG #Yangon_Times #Yangon_Media_Group