၁၇ စက်တင်ဘာ ၂၀၂၃

ထိုင်းနိုင်ငံ အနောက်ပိုင်း ဆန်ခလာပူရီ ခရိုင်တွင် စက်တင်ဘာ ၁၆ရက်စနေနေ့က မြန်မာအမျိုးသမီးတစ်ဦးကို M16 ကျည်ခွံ ၉၂၀ ခုနှင့်  M16 ခဲယမ်းများတပ်ဆင်ထားတဲ့ ကျည်ကပ် ၂၄ ခုနှင့်အတူ ဖမ်းဆီးမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာသတင်းဖော်ပြထားပါတယ်။

ဆန်ခလာပူရီခရိုင်၊ တမ်ဘွန်နွန်လူရှိ Moo 2 ရွာမှာရှိတဲ့ ပုဂ္ဂလိကပိုင် ပစ္စည်းပို့ကုမ္ပဏီတစ်ခုကို ရဲတွေက အပြေးအလွှားစီးနင်းခဲ့တာပါ။ ကုမ္ပဏီ ရုံးခန်းကို မသင်္ကာစရာ အထဲမှာ ကျည်ဆံတွေလို့ယူဆရတဲ့ ပါဆယ်တစ်ထုတ်ရောက်နေတယ်လို့ ဝန်ထမ်းတစ်ဦးက ပြောတာ ကြောင့် ရဲတွေရောက်ရှိခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ပါဆယ်ထုတ်က အပေါက်ကလေးတစ်ခုကနေ အတွင်းကိုကြည့်လိုက်တဲ့အခါ သတ္တုပစ္စည်းတွေတွေ့ရတယ်လို့ အဆိုပါဝန်ထမ်းကပြောပြပါတယ်။

အဆိုပါပါဆယ်ထုပ်မှာ မမ်ဘွန်နွန်လူ Moo 2 ရွာ အိမ်နံပါတ် ၂၄၁ ကိုလိပ်မူထားပြီး ပွန်တစ်လို့ အမည်ပေးထားသူက ချွန်ပူရီပြည်နယ် ဘန်ဘမ်းခရိုင် တမ်ဘွန်နွန်ဆက်လိပ်စာနှင့်  ပေးပို့တာဖြစ်ပါတယ်။

ပါဆယ်အတွင်းမှာ ယမ်းတောင့် ၅၀တောင့်စီပါတဲ့ ဘူး ၁၈ခုနှင့် ယမ်းတောင့် ၂၀ပါတဲ့ ဘူးတစ်ဘူးကို ထည့်ထားပါတယ်။  အစမှာ ကျည်ဆံတွေလို့ထင်ပေမယ့် စစ်ကြည့်တဲ့အခါ အခု ၉၂၀ ဟာ M16 ကျည်ခွံတွေဖြစ်နေပါတယ်။ ပါဆယ်ထုတ်ထဲမှာ ကျည်ကပ် ၂၀ခုကိုလည်းတွေ့ရပြီး တစ်ခုဆီမှာ M16 ကျည်တောင့် ၂၀ခုထည့်ထားပါတယ်။ နောက်ထပ် ကျည်ကပ် (၄)ခုမှာတော့ M16 ကျည်တောင့် ၃၀ခုဆီထည့်ထားပါတယ်။

ရဲတွေဟာ ကုမ္ပဏီဝန်ထမ်းနှီင့်အတူ ပါဆယ်ထုတ်လက်ခံမယ့် အိမ်ကိုသွားပြီး ရဲတွေက မလှမ်းမကမ်းကနေ စောင့်ကြည့်ခဲ့ကြပါတယ်။ ည (၇)နာရီခန့်မှာ အမျိုးသမီးတစ်ဦးထွက်လာပြီး ပါဆယ်ကို လာယူပါတယ်။ အဲဒီအခါ သူမကိုဖမ်းဆီးပြီး စစ်ဆေးမေးမြန်းဖို့ ရဲစခန်းကို ခေါ် ဆောင်သွားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

အမျိုးသမီးက သူ့ကိုယ်သူ မြန်မာနိုင်ငံမှ မွန်လူမျိုးဖြစ်တယ်လို့ သက်သေခံပါတယ်။ သူမရဲ့မူရင်းအမည်ဟာ ပွန်တစ်ဖြစ်ပြီး ထိုင်းနိုင်ငံမှာ တရားမဝင် ၁၃နှစ်ကြာနေထိုင်နေသူဖြစ်ပါတယ်။

သူမကတော့ ပါဆယ်ဟာ သူမပစ္စည်းမဟုတ်ကြောင်းနှင့် အိမ်ရှေ့မှာထားခဲ့လို့ဘာလဲကြည့်ချင်လို့ ထွက်ယူတာဖြစ်တယ်လို့ ငြင်းဆိုထား ပါတယ်။

အဲဒီအမျိုးသမီးကို ဆက်လက်စုံစမ်းမေးမြန်းစရာတွေရှိလို့ ရဲကဆက်လက်ထိန်းသိမ်းထားပါတယ်။ သူမကို ကနဦးအနေနှင့် ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနှင့် ခွင့်ပြုချက်မရှိဘဲ လက်နက်ခဲယမ်းများလက်ဝယ်ထားရှိမှုတို့နှင့် အမှုဖွင့်ထားပါတယ်။