၁၆ စက်တင်ဘာ ၂၀၂၃

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) သည် ဒေသတွင်းနိုင်ငံ များသို့ Cargo လေယာဉ်ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် လေကြောင်းကုန်စည်ပို့ဆောင်မှုကဏ္ဍတွင် MNA အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်တော့မှာဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ခဲ့တဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines - MNA)ရဲ့  (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂုဏ်ပြုအမှာစကားပြောကြားခဲ့ရာတွင် ယခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ခရီးစဉ်များ ပျံသန်းပြေးဆွဲရာမှာ အချိန်မှန်ကန်ရေးကိုလည်း အလေးထား ဆောင်ရွက်သွားကြရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက်  လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည့် Rules and Regulation များ၊ SOP များကိုလည်း တိကျစွာ လိုက်နာကြရန်လည်း ဗိုလ်ချုပ်မှူးကြီးက ပြောတဲ့အကြောင်း သတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

မြန်မာအမျိုးသား လေကြောင်းအနေဖြင့်“ကမ္ဘာကြည့် ကြည့် မြင်” ဆောင်ရွက်သွားဖို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။ ကိုဗစ်-၁၉ အလွန်ကာလ လေကြောင်းခရီးသွားစီးပွားရေးကဏ္ဍ ပြန်လည် ဖွံ့ဖြိုး တိုးတက်လာသည့် အချိန်ကာလကိုရောက်ရှိလာပြီဖြစ်သဖြင့် မြန်မာ အမျိုးသား လေကြောင်းအနေဖြင့် ဈေးကွက်သုတေသနကို အလေးထား ပြုလုပ်ကြဖို့လည်း နစက ဥက္ကဋ္ဌက တိုက်တွန်းခဲ့ပါတယ်။

မြန်မာ့လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်လာသည့် UBA နှင့် BAC သည် ပြည်တွင်းလေကြောင်းခရီးစဉ်များကို သာမက ဒေသတွင်းပြည်ပနိုင်ငံများနှင့် ခရီးစဉ်များကိုပါ ပြေးဆွဲခဲ့ပြီး သမိုင်းတစ်ခေတ် တွင် အောင်မြင်မှုမှတ်တိုင်များ စိုက်ထူနိုင်ခဲ့တဲ့အတွက်  ပြည်သူလူထု၏ရင်ထဲတွင် ရှိနေခဲ့ခြင်းဖြစ်ပြီး ဂုဏ်ယူဖွယ်ရာလည်းဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဂုဏ်ပြုပြောကြားပါတယ်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် မြန်မာအမျိုးသားလေကြောင်း၊ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်ယော်က မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

မြန်မာအမျိုးသားလေကြောင်းကို  မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်တွင် “ပြည်ထောင်စု မြန်မာနိုင်ငံ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့” (Union of Burma Airways - UBA) အမည်ဖြင့် စတင် တည်ထောင်ခဲ့ တာဖြစ်ပါတယ်။၁၉၇၂ ခုနှစ်တွင် “လေကြောင်းပို့ဆောင်ရေး ကော်ပို ရေးရှင်း” (Burma Airways Corporation-BAC)၊ ၁၉၈၉ ခုနှစ်တွင် “မြန်မာ့လေကြောင်း”(Myanma Airways-MA)၊ ၂၀၁၅ ခုနှစ်တွင် “မြန်မာအမျိုးသားလေကြောင်း” (Myanmar National Airlines - MNA)အဖြစ် အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။

-ymg/knl