၃၀ ဩဂုတ် ၂၀၂၃

INGO နှင့် NGO  အဖွဲ့များကို စည်းမျဉ်းစည်းကမ်းများနှင့် အညီလုပ် ဆောင်နိုင်ရေးသက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် စနစ်တကျကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်နေရန်လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစိုးရအဖွဲ့ကို မှာကြားပါတယ်။

ဩဂုတ်လ ၃၀ ရက် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမမှာကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ နစက ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကားပြောကြားရာမှာ ယခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန််ချက်အရသိရပါတယ်။

“ အချို့သောပြည်ပအကူအညီများသည် INGO၊ NGO များမှတစ်ဆင့်မျှဝေ ဆောင်ရွက်ခြင်းဖြစ်ပြီး၎င်းတို့ကို အကူအညီ ပေးနေသည့် အဖွဲ့ အစည်း၊ နိုင်ငံများကအသုံးချနေမှုများရှိနေတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားပါတယ်။

ယင်းအပြင် မီဒီယာလုပ်ငန်းများနှင့်ပတ်သက်၍လည်း “ နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေး စရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ်ဆောင်မှု များ၊ ရေးသားထုတ်ဝေမှုများ၊ ထုတ်လွှင့်မှုများ မရှိစေဖို့အတွက်လည်း  စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက် စသည့်နယ်ပယ်များအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင် ရွက်သွားဖို့လိုအပ်တယ်လို့ ဝန်ကြီးတွေကို မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မီဒီယာကဏ္ဍအနေဖြင့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ကြဖို့လည်း နစက ဥက္ကဋ္ဌက တိုက်တွန်း ပြောဆိုပါတယ်။

“မီဒီယာကဏ္ဏအနေနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လူမှုကွန်ရက်များမှတစ် ဆင့်ခရီးသွားလုပ်ငန်းများအတွက် ဆွဲဆောင်မှုများရှိစေရေး ဆောင်ရွက်ရန်လိုတယ်” လို့ ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။လာရောက်သည့် ခရီးသွားများ အနေဖြင့် မိမိတို့နိုင်ငံ၏ ပုံရိပ်ကောင်းများကို မြင်တွေ့သွားနိုင်ရေးနှင့် ဝန်ဆောင်မှုများကို ရရှိစေရေး ကြပ်မတ် ဆောင်ရွက်သွားကြရမယ်လို့လည်း နစကဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။

အစည်းအဝေးတွင် ပညာရေး၊စိုက်ပျိုးမွေးမြူရေး၊ကုန်ထုတ်လုပ်မှုနှင့် MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊စာရင်းဇယားများ မှန်ကန်တိကျရေး၊လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်း မှာကြားခဲ့ တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ယခုအစည်းအဝေးသည် အစိုးရအဖွဲ့ပြောင်းလဲဖွဲ့စည်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးဖြစ်ပြီး  နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်ယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

-ymg/knl