#World_Health
Published 6 December 2022

ယခုနှစ်အတွင်း ကိုဗစ်ကပ်ရောဂါတိုက်ဖျက်မှု အစီအစဉ်များလျော့ပါးလာတာကြောင့် အန္တရာယ်ရှိ မျိုးဗီဇကွဲအသစ် ထွက်ပေါ်လာမှာ စိုးရိမ်ရကြောင်း၊ တရုတ်နိုင်ငံ အချို့နေရာတွေမှာ ကူးစက်မှုမြင့်တက်လာခြင်း ကြုံနေရကြောင်း ကမ္ဘာ့ကျန်းမာရေး WHO အကြီးအကဲက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

 

WHO အထွေထွေညွှန်ကြားရေးမှူး 'တက်ဒရိုအက်ဒါနွမ်ဂဲဘရီယေဆပ်စ်'ကကမ္ဘာကြီးဟာ ကပ်ရောဂါအဆုံးသတ်ဖို့ အခြေအနေရှိလာမှာမဟုတ်ကြောင်း မကြာသေးမီက မှတ်ချက်ပြုခဲ့ပါသေးတယ်။

 

"ကပ်ရောဂါအရေးပေါ် အခြေအနေ ကျော်လွန်ဖို့ နီးစပ်လာတယ်လို့ ပြောလို့ရနိုင်ပေမယ့် လက်တွေ့မရောက်နိုင်သေးဘူး" လို့ ဆိုပါတယ်။
ကမ္ဘာ့လူဦးရေ ၉၀ ရာခိုင်နှုန်းခန့်ဟာ ရောဂါကူးစက်မှုမှ ဒါမှမဟုတ် ကာကွယ်ဆေးထိုးခြင်းကနေ ကိုဗစ်ခုခံအားအချို့ ရရှိထားပြီးဖြစ်တယ်လို့ ခန့်မှန်းရကြောင်း ဆိုပါတယ်။

 

လတ်တလော တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်မှုမြင့်တက်လျက်ရှိပြီး ကူးစက်မှုလျော့ပါးလာခဲ့တဲ့ ဗြိတိန်မှာလည်း ပြန်လည်မြင့်တက်လာပါပြီ။
တရုတ်မြို့အချို့မှာ ကိုဗစ်စမ်းသပ်မှုလိုအပ်ချက်များနဲ့ ကွာရန်တင်းစည်းမျဉ်းများ ဖြေလျှော့လျက်ရှိရာ စိုးရိမ်မှုတွေ ကြုံလာရပါတယ်။
လူထုမငြိမ်မသက်မှု ဖြစ်ပွားပြီးနောက် သန်းပေါင်းရာချီတဲ့ ပြည်သူတွေဟာ နိုင်ငံတော်ရဲ့ ဗိုင်းရပ်စ်ပေါ်လစီပြောင်းလဲမှုကို မျှော်လင့်စောင့်ဆိုင်းနေကြပါတယ်။

 

"ကိုဗစ်နဲ့ တုပ်ကွေးတို့က လူတော်တော်များများမှာ သာမန်သာဖြစ်ကြပေမယ့် ရောဂါဆိုးရွားသူတွေမှာတော့ ပြင်းထန်နိုင်ပြီး အသက်အန္တရာယ်ပါ ဖြစ်စေနိုင်ပါတယ်" လို့ ယူကေကျန်းမာဘေးကင်းရေး‌ေအဂျင်စီမှ ညွှန်ကြားရေးမှူး 'မယ်ရီရမ်ဆေး'က ပြောကြားလိုက်ပါတယ်။

 

အသက်အရွယ်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေမှာ ကာကွယ်ဆေးထိုးဖို့ကိုလည်း တစ်ကမ္ဘာလုံးအာရုံစိုက်သင့်ကြောင်း WHO က နိုင်ငံ့အစိုးရအဖွဲ့များကို တိုက်တွန်းလိုက်ပါတယ်။

 

Source: Reuters
#Yangon_Media_Group