#Just-In

၂၀ မေ ၂၀၂၄

အီရန်သမ္မတ အီဗရာဟင်ရိုင်စီလိုက်ပါသွားတဲ့ ရဟတ်ယာဉ်ပျက်ကို ရှာဖွေတွေ့ရှိပြီး အသက်ရှင်သူတစ်ဦးတစ်ယောက်မျှ မတွေ့ရဘူးလို့ အီရန် လခြမ်းကြက်ခြေနီအသင်း ဥက္ကဋ္ဌကပြောကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာန IRNA က သတင်း  ထုတ်ပြန် ပါတယ်။

“ သမ္မတရိုင်စီရဲ့ရဟတ်ယာဉ်ဟာ အကုန်မီးလောင်ကျွမ်းသွားပြီ။ ကံမကောင်းလှစွာပဲ တစ်ယောက်မှအသက်မရှင်ဘူး” လို့လည်း အရာရှိတစ်ဦးရဲ့စကားကိုကိုးကားပြီးရိုက်တာကရေးသားပါတယ်။

သမ္မတရိုင်စီရဲ့ရဟတ်ယာဉ်ဟာ အီရန်နိုင်ငံအောက်မြောက်ပိုင်းမှာ ရာသီဥတုဆိုးရွားမှုကြောင့် မြေပြင်သို့ အရေးပေါ်ဆင်းသက် ရင်း ပျက်ကျသွားရတာဖြစ်ပါတယ်။သူနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အမီယာဒိုလာဟီယန်လည်းလိုက်ပါသွားခဲ့ပါတယ်။

သူတို့ဟာ အဂျာဘိုင်ဇန်နိုင်ငံနယ်စပ်မှာ ဆည်တစ်ခုဖွင့်လှစ်ပြီး အပြန်မှာ အဖြစ်ဆိုးနှင့်ကြုံခဲ့ကြရတာပါ။

“ ရဟတ်ယာဉ်ပျက်နေရာရှာတွေ့ခဲ့ပြီး ရှင်ကျန်ရစ်သူတစ်ဦးတစ်ယောက်မျှမတွေ့ရဘူး” လို့ အီရန်လခြမ်းကြက်ခြေနီအသင်း ဥက္ကဋ္ဌက တက်စ်နင်းသတင်းအေဂျင်စီကို တနင်္လာနေ့(မေ၂၀)ရက်ကပြောပါတယ်။

နာရီများစွာ အပူတပြင်းရှာဖွေပြီးနောက် အရှေ့အဂျာဇိုင်ဘန်ပြည်နယ်က တောင်ထူထပ်တဲ့ ဒေသမှာ သမ္မတရိုင်စီနှင့်သူ့ရဲ့ အကြီးတန်းအရာရှိကြီးတွေလိုက်ပါသွားတဲ့ ရဟတ်ယာဉ်ပျက်ကျ တဲ့ နေရာကိုတွေ့ရှိခဲ့ပြီလို့ သူကအစောပိုင်းမှာပြောခဲ့ပါတယ်။

Ref : RINA/Reuters