“ ထွက်လာတဲ့ထုတ်ကုန်ကအတူတူပဲ။ ဓာတုပစ္စည်းက အတူတူပဲ။ပြီးတော့ အလင်းဂုဏ်သတ္တိတွေကလည်း အတူတူပဲ”

ပက်တဲလ်(ဒါရိုက်တာ-ဂရင်းလက််ဗ်ဒိုင်းမွန်း၊အိန္ဒိယ)

၂၂ ဖေဖော်ဝါရီ ၂၀၂၄

ဓာတ်ခွဲခန်းထုတ် လူလုပ်စိန်တွေဟာ ဒေါ်လာ ၈၉ ဘီလျံတန်ဖိုးရှိတဲ့ ကမ္ဘာ့စိန်ရတနာဈေးကွက်ကို ပုံစံသစ်သွင်းနေပါတယ်။ အထူးသဖြင့် ကမ္ဘာ့စိန်တွေအားလုံးရဲ့ ၉၀ရာခိုင်နှုန်းကို ဖြတ်တောက်သွေးနေတဲ့ အိန္ဒိယနိုင်ငံ ဆူရတ်မြို့မှာပဲဖြစ်ပါတယ်။

စမစ်ပက်တဲလ်ရဲ့ ဂလင်းမင်းဓာတ်ခွဲခန်းမှာ ကျွမ်းကျင်ပညာရှင်တွေဟာ ခရစ်စတယ်စိန်မျိုးစေ့ချပ်ပြားလွှာ crystal diamond "seed"ကလေးတွေကို မြေကြီးအနက်ကြီးထဲက အလွန်ပြင်းထန်တဲ့ဖိအားတစ်ခုအတိုင်း တုပထားတဲ့ ဓာတ်ပေါင်းဖိုထဲကို ထည့်လိုက်ကြပါတယ်။

အဲဒီမျိုးစေ့အဆင့်ကနေ စိန်ပွင့်ကလေးဖြစ်လာတဲ့ လုပ်ဆောင်ရတဲ့ အချိန်က ရက်သတ္တပတ်(၈)ပတ်လျော့လျော့ ကြာတတ်   ပါတယ်။ သဘာဝစိန်ဖြစ်ပေါ်တဲ့ သဘာဝအတုဖြစ်တဲ့ ဓာတ်ပေါင်းဖိုကနေတစ်ဆင့် ထုတ်လုပ်လိုက်တဲ့ လူလုပ်စိန် တွေဟာ မြေကြီးအနက်ကြီးထဲက တူးဖော်လို့ရတဲ့ စိန်တွေနှင့် ခွဲခြားလို့မရနိုင်တော့ပါဘူး။

“ ထွက်လာတဲ့ထုတ်ကုန်ကအတူတူပဲ။ ဓာတုပစ္စည်းက အတူတူပဲ။ပြီးတော့ အလင်းဂုဏ်သတ္တိတွေကလည်း အတူတူပဲ” လို့ အဲဒီ ဂရင်းလက်ဗ်ဒိုင်းမွန်းကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ပက်တဲလ်က  အေအက်ဖ်ပီသတင်းဌာနကိုပြောပါတယ်။

ဓာတ်ခွဲခန်းကနေထွက်တဲ့ လူလုပ်စိန်တွေကို အိန္ဒိယနိုင်ငံက ပြည်ပကိုတင်ပို့နေတာဟာ ၂၀၁၉ခုနှစ်နှင့် ၂၀၂၂ခုနှစ်အကြား သုံးဆတက်လာပါ့တယ်။ ၂၀၂၃ခုနှစ် ဧပြီလနှင့် အောက်တိုဘာလအကြားမှာဆို ပြည်ပပို့တဲ့ပမာဏက ၂၅ ရာခိုင်နှုန်းတက်လာ ပါသေးတယ်လို့ နောက်ဆုံးရ ကိန်းဂဏန်းအချက်အလက်တွေအရသိရပါတယ်။

“ တစ်နှစ်တစ်နှစ်ကို (ဓာတ်ခွဲခန်းစိန်) ပမာဏက ရာခိုင်နှုန်း ၄၀၀လောက်တိုးတိုးလာနေတယ်” လို့ ပက်တဲလ်က ဆက်ပြောပါတယ်။

ပက်တဲလ်တို့ရဲ့ ဓာတ်ခွဲခန်းတွေမှာရှိတဲ့ ဓာတ်ပေါင်းဖိုတွေလိုမျိုးတွေဟာ သတ်မှတ်အပူချိန်နှင့်ဖိအားရဲ့အောက်မှာ မီသိန်း တို့လို ကာဘွန်ပါတဲ့ ဓာတ်ငွေ့တွေကို မှုတ်သွင်းပေးရင်း စိန်ပွင့်ကလေးတွေဟာ ဖိုထဲမှာ ကြီးထွားလာတာဖြစ်ပါတယ်။

အဲဒီကထွက်လာတဲ့ စိန်ပွင့်အကြမ်းထည်တွေကို နောက်တစ်နေရာပို့ရပြီး အဲဒီနေရာမှာ ရာပေါင်းများစွာသော အလုပ်သမား တွေဟာ စိန်တွေကို တောက်ပလာအောင် သွေးပြီး ပုံသဏ္ဍန်ဖော်ပေးကြပါတယ်။

၂၀၁၈ခုနှစ်မှာ ဓာတ်ခွဲခန်းထုတ်စိန်တွေဟာ ကမ္ဘာ့ဈေးကွက်ရဲ့ ၃.၅ ရာခိုင်နှုန်းပဲရှိခဲ့ရာကနေ ၂၀၂၃ခုနှစ်မှာ ၁၈.၅ ရာခိုင်နှုန်း   အထိမြင့်တက်လာနေပါတယ်လို့ နယူးယောက်အခြေစိုက် ကျောက်မျက်လုပ်ငန်းဆန်းစစ်သရုပ်ခွဲတဲ့ ပေါ်ဇင်နီစကီးက အေအက်ဖ်ပီကိုပြောပါတယ်။ ယခု ၂၀၂၄ခုနှစ်မှာ ၂၀ရာခိုင်နှုန်းအထိရောက်လာလိမ့်မယ်လို့လည်းခန့်မှန်းထားပါတယ်။

စက်နှင့်လုပ်တဲ့ စိန်တွေကို ၁၉၅၀ပြည့်လွန်နှစ်တွေက စတင်ဖန်တီးခဲကြပေမယ့် နည်းပညာပိုင်းအားနည်းချက်တွေကြောင့် ဈေးကွက်မှာ မရှင်သန်နိုင်ခဲ့ကြပါဘူး။

ယခုဓာတ်ခွဲခန်းထုတ်စိန်တွေကတော့ သဘာဝစိန်အစစ်နှင့်ခွဲခြားမရအောင်တူနေပြီဖြစ်ပါတယ်။

သူ့ရဲ့ဓာတ်ခွဲခန်းဟာ ဒေသတွင်း လျှပ်စစ်ကွန်ယက်ကနေ နေရောင်ခြည်စွမ်အင်းသုံးလည်ပတ်နေတာလို့  ပက်တဲလ်ကပြော ပါတယ်။

တူးဖော်ထုတ်လုပ်ရရှိတဲ့ သဘာဝစိန်တွေထဲမှာ “ ပဋိပက္ခစိန်တွေ” လို့အမည်တပ်ထားတဲ့ စစ်ဖြစ်တဲ့နေရာကထုတ်လုပ်တဲ့ စိန်တွေဟာ နိုင်ငံတကာ ကင်ဘာလေနည်းစဉ်အတည်ပြုရေးအစီအစဉ်ကနေ အပယ်ခံရတာတွေရှိနေတဲ့အချိန်မှာ ဓာတ်ခွဲ ခန်းထုတ်စိန်တွေဟာ “သန့်ရှင်းတဲ့မှတ်တမ်း” အာမခံတယ်လို့ ဓာတ်ခွဲခန်းစိန်ထုတ်လုပ်သူတွေက ပြောဆိုနေကြပါတယ်။

အဲသလိုမျိုး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူသားချင်းစာနာထောက်ထားရေးတွေ ထောက်ရှုနေကြတာတွေကြောင့်   ဓာတ်ခွဲ  ခန်းလုပ်စိန်တွေကို စေ့စပ်လက်စွပ်တွေပြုလုပ်တဲ့အခါ ရွေးချယ်တာမျိုးတွေ ခေတ်စားလာပါတော့တယ်။

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလမှာ သဘာဝကျောက်မျက်တွေကို မက်မောတဲ့ ကမ္ဘာ့အကြီးဆုံးဈေးကွက် အမေရိကန်ပြည်ထောင်စု မှာ ရောင်းချရတဲ့ စေ့စပ်လက်စွပ်တွေရဲ့ ၁၇ ရာခိုင်နှုန်းဟာ ဓာတ်ခွဲခန်း ထုတ်စိန်တွေနှင့်ပြုလုပ်ထားတာ ဖြစ်နေပါတယ်လို့ လုပ်ငန်းဆိုင်ရာခွဲခြမ်းစိတ်ဖြာသုံးသပ်တဲ့ အီဒန်ဂိုလန်ကပြောပါတယ်။

ဂိုလန်ရဲ့ တွက်ချက်မှုအရ ယခုဆိုရင် ၁၇ ရာခိုင်နှုန်းကနေ ၃၆ ရာခိုင်နှုန်းအထိဖြစ်လာပြီလို့ဆိုပါတယ်။

လူလုပ်ကျောက်မျက်တွေအများဆုံးထုတ်လုပ်နေတဲ့ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတွေရဲ့ ရာပေါင်းများစွာသော ကုမ္ပဏီတွေဟာ အဲဒီရာခိုင်နှုန်းရဲ့ တစ်စိတ်တစ်ပိုင်းကို ထုတ်လုပ်ပေးနေကြတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ဓာတ်ခွဲခန်းလုပ်စိန်ဈေးကွက်ဟာ ၂၀၂၃ ဧပြီလကနေ အောက်တိုဘာအတွင်း ပြည်ပသို့ ၄.၀၄သန်းကာရက် တင်ပို့ခဲ့ပါတယ်။ မနှစ်ကထက်ယှဉ်ရင် ၄၂ရာခိုင်နှုန်းခုန်တက်ခဲ့တယ်လို့ အိန္ဓိယ ကျောက်မျက်ရတနာတင်ပို့သူများတိုးမြှင့်ရေး ကောင်စီရဲ့ အချက်အလက်တွေအရသိရပါတယ်။

ဆန့်ကျင်ဖက်အနေနှင့် အိန္ဒိယနိုင်ငံရဲ့ သဘာဝစိန်ရောင်းတဲ့ကုမ္ပဏီတွေဟာ ရောင်းအား ၂၅ ရာခိုင်နှုန်းကျော်ကျဆင်းသွားပြီး ၁၁.၃သန်း ကာရက်သာရှိပါတော့တယ်။ ထိပ်တန်းကုမ္ပဏီကြီးတွေဟာ တန်ဖိုးကြီးလှတဲ့ လက်ကျန်ပစ္စည်းတွေကျန်ရစ်ပြီး လုပ်ငန်းကနေထွက်ခွာကုန်ကြပါတယ်။

အိန္ဒိယရဲ့ အနောက်ပိုင်း ဆူရက်မြို့က စိန်ကုန်သည်တွေဟာ  ကမ္ဘာ့စိန်တွေအားလုံးရဲ့ ၉၀ရာခိုင်နှုန်းကို သွေးပေးနေကြပါတယ်။

ကမ္ဘာ့စိန်ကုမ္ပဏီကြီး ဒီဘီယာအုပ်စုရဲ့ တရားဝင်စိန်ရောင်းခွင့်လိုင်စင်ရထားတဲ့ ဓီနာဗင်ချန်ဒရာ အိတ်စ်ပို့တ်ကုမ္ပဏီမှ အာဂျက်စ် မက်ထာက သူတို့ဟာ နှစ်ပေါင်း၃၀သက်တမ်းအတွင်း အဆိုးရွားဆုံးကျဆင်းမှုနှင့်ကြုံနေရတယ်လို့ပြောပါတယ်။

“ အရာရာတိုင်းဟာ မုန်တိုင်းကြီးမွှေလိုက်သလိုပဲ” လို့ သူကပြောပါတယ်။

ပြိုင်ဘက် ဓာတ်ခွဲခန်းစိန်တွေကြောင့်အပြင် အမေရိကန်နှင့် တရုတ်ဈေးကွက်တွေလို အရေးကြီးတဲ့ဈေးကွက်တွေကလ်း စီးပွားရေးနှေးကွေးနေတာကလည်း တစ်ခုပါဝင်နေပါတယ်။

ဒီဘီယာအုပ်စုဟာ ယခုနှစ်အတွက် သဘာဝစိန်တွေပထမဆုံးရောင်းချရာမှာ အမျိုးအစားလိုက်ပြီး ရောင်းဈေးတွေကို ၁၀ရာခိုင် နှုန်း  ကနေ ၂၅ ရာခိုင်နှုန်းလျှော့ရောင်းချပေးနေရပါတယ်။

တစ်ပြိုင်နက်တည်းလိုပါပဲ ဓာတ်ခွဲခန်းထုတ်စိန်တွေကလည်း သူ့ပြဿနာနှင့်သူဖြစ်နေပါတယ်။

ထုတ်လုပ်မှုတွေက ထိုးထောင်တက်လာပြီးနောက် ဈေးတွေက ပြုတ်ကျသွားခဲ့ပါတယ်။ ၂၀၂၃ခုနှစ်မှာတင် ဓာတ်ခွဲခန်းထုတ် စိန်တွေဟာ ၅၈ ရာခိုင်နှုန်းဈေးကျသွားပါတယ်။

၂၀၂၂ခုနှစ်တုန်းက အရည်အသွေးနိမ့်တဲ့ တစ်ကာရက်ရှိ သွေးပြီးစိန်တစ်ပွင့်ကို ဒေါ်လာ ၂၄၀၀ရှိနေရာကနေ ၂၀၂၃ အရောက်မှာ ဒေါ်လာ ၁၀၀၀သာသာကလေးပဲရှိပါတော့တယ်လို့ ဆူရက်မှ ကုန်သည်တစ်ဦးကပြောပါတယ်။

အဲဒါကြောင့်လည်း ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ အမေရိကန်နိုင်ငံမှာ လူလုပ်စိန်တွေ ဒုတိယအကြီးဆုံးထုတ်လုပ်တဲ့ WD Lab Grown Diamonds ဟာ ဒေဝါလီခံဖို့လျှောက်ထားခဲ့ပါတယ်။

ဒါပေမယ့် ပက်တဲလ်ကတော့ စောဒကတက်ပါတယ်။ ဈေးတွေကျတဲ့အတွက် ဝယ်အားတွေတက်လာမှာလို့ သူက ပြောပါ တယ်။

“ ဈေးတွေကျမှာ ကျွန်တော်တို့သိပါတယ်။ ဈေးကွက်ကလက်ဝါးကြီးအုပ်လို့မရတော့ဘူးလေ” လို့သူကပြောပါတယ်။

သူ့ရဲ့ပြောကြားမှုအပေါ် အိန္ဒိယရဲ့စီးပွားရေးမြို့တော်မွမ်ဘိုင်းက ရတနာပြခန်းမှာ ဈေးလာဝယ်သူတစ်ဦးက သဘောတူမျှ ပါတယ်။

“တူးဖော်ရတဲ့ စိန်(သဘာဝစိန်)တွေဟာ ငါးဆလောက်ဈေးကြီးတယ်။နေ့တိုင်းဝတ်ဆင်ဖို့ တစ်ခုခုလိုချင်တယ်ဆိုရင် ဓာတ်ခွဲခန်းထုတ်စိန်တွေက အလုပ်ဖြစ်တယ်။ ကျွန်မကတော့ တကယ်ကိုသဘောကျတယ်” လို့ လက်ခါပရက်ဘာခါက ပြောလိုက်ပါတယ်။

Source: Lab-grown diamonds put natural gems under pressure by AFP