Published 17 May 2023

အမေရိကန်ရဲ့ကြွေးမြီကန့်သတ်ချက်ဆိုတာ အမေရိကန်အစိုးရအနေနှင့် ပိုက်ဆံကို ဘယ်လောက်အထိ ချေးလို့ရတယ် ဆိုတာကို ခွင့်ပြုတဲ့ ပမာဏဖြစ်ပါတယ်။

ယခုအမေရိကန်လွှတ်တော်အမတ်တွေက အဲဒီကန့်သတ်ထားတဲ့ ငွေချေးနိုင်တဲ့ပမာဏကို ထပ်တိုးပေးရမှာလား၊ ဒီအတိုင်းပဲ ဆိုင်းထားရမလားဆိုတာ အချင်းချင်းငြင်းခုန်နေကြပါတယ်။

လက်ရှိကြုံနေရတဲ့ အနေအထားကို အလွယ်နားလည်အောင်ပြောရရင်တော့ ကမ္ဘာ့အကြီးဆုံးစီးပွားရေးဟာ အခု ပိုက်ဆံ တွေကုန်တော့မယ့်ဆဲဆဲလို့ပြောရမှာဖြစ်ပါတယ်။

အဲဒါကြောင့်လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး  ဂျက်နက်ယီလင်က “ ရီပတ်ဘလီကန်နှင့်ဒီမိုကရက်တွေအကြား အခုလိုချောင်ပိတ်မိနေတာကို မကျော်လွှားနိုင်ဘူးဆိုရင် ဇွန်လ၁ရက်နေ့ဆိုရင် အမေရိကန်အစိုးရအနေနှင့် အကြွေးတွေ ပေးစရာပိုက်ဆံရှိတော့မှာမဟူတ်ဘူးလို့ သတိပေးနေရပါတယ်။

ယခုရိုက်ခတ်မှုဟာ ကမ္ဘာကြီးအထိအကျိုးသက်ရောက်ပြီး ဆုံးရှုံးမှုတွေရှိလာပါလိမ့်မယ်။  ဒါဟာ ဘဏ္ဍာငွေကြေး   ဈေးကွက်မှာ ကပ်ဘေးတစ်ခုဆိုက်ရောက်ဖို့ ဖြစ်နိုင်ချေများလာလိမ့်မယ်” လို့ ကပ္ပီတယ်အီကော်နော်မစ်  ရဲ့ အမေရိကန်  စီးပွားရေးပညာရှင်ဒုတိယအကြီးအကဲ အင်ဒရူးဟန်တာက သုံးသပ်ပါတယ်။

၁၉၁၇ခုနှစ်ကစပြီး အမေရိကန်ဟာ အစိုးရအနေနှင့် အကြွေးယူလို့ရမယ့် ငွေပမာဏကို သတ်မှတ်ပေးတဲ့ ဥပဒေတစ်ခုကို ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ပထမဆုံးအကြွေးပမာဏကန့်သတ်ချက်က ဒေါ်လာ ၁၁.၅ ဘီလျံဖြစ်ပါတယ်။

ကွန်ဂရက်ဟာ အကြွေးယူလို့ရတဲ့ ငွေပမာဏကိုထပ်တိုးချင်တဲ့အခါတိုင်း ဥပဒေကြမ်းတစ်ခုတင်သွင်းအတည်ပြုလေ့ရှိခဲ့ ပါတယ်။

အမေရိကန်အစိုးရရဲ့ ကြွေးမြီတွေဟာ  သမ္မတ ဟားဘတ်ဟိုဗားလက်ထက်ကစလို့ သမ္မတတစ်ဦးချင်းစီတိုင်းမှာ တိုးတိုး လာခဲ့ပါတယ်။  ကြွေးမြီကန့်သတ်ချက်ကို ထပ်ထပ်တိုးခဲ့ရတာ အကြိမ်ပေါင်း ၁၀၀မကရှိခဲ့ပါတယ်။ အခုဆို အကြွေး ကန့်သတ်ချက်ဟာ ဒေါ်လာ ၃၁.၄ ထရီလီယံအထိရှိနေပြီဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ ကြွေးမြီတွေဟာ အဲဒီကန့်သတ်ချက်ပမာဏကို ပြီးခဲ့တဲ့ဇန်နဝါရီက ရောက်ရှိခဲ့ပါတယ်။ ဆိုလိုတာ ကတော့ အစိုးရအနေနှင့် ဘယ်လိုနည်းနှင့်မှ တရားဝင် ပိုက်ဆံထပ်ချေးလို့မရတော့ဘူးဆိုတဲ့သဘောပဲဖြစ်ပါတယ်။

အခုတွေ့ကြုံနေရတာက အဲဒီကြွေးမြီကန့်သတ်ချက်ကို ထပ်တိုးမြှင့်ပေးဖို့ရာမှာ ရီပတ်ဘလီကန်အများစုနေရာရထားတဲ့ အောက်လွှတ်တော်ကနေထောက်ခံမဲပေးဖို့လိုအပ်နေတာပါ။ အာဏာရဒီမိုကရက်ပါတီက အောက်လွှတ်တော်မှ  လူနည်းစု နေရာရထားတာပါ။ အဲဒါကြောင့် သဘောတူညီမှုရဖို့ဆိုတာ အာမခံချက်မရှိဖြစ်နေရတာပါ။

ရီပတ်ဘလီကန်တွေက ကြွေးမြီကန့်သတ်ချက်တိုးပေးရမယ့် နောက်ဆုံးရက်သတ်မှတ်ချက်ကို ကြိုးစားအသုံးပြုပြီး သမ္မတဂျိုးဘိုင်ဒင် အသုံးစရိတ်တွေဖြတ်တောက်ဖို့ ဖိအားပေးနေပါတယ်။ ဧပြီ၂၆ ရက်တုန်းကတော့  ကြွေးမြီပမာဏကို နောက်ထပ် ၁.၅ ထရီလီယံတိုးပေးဖို့‌ အောက်လွှတ်တော်ကအတည်ပြုထားခဲ့ပါတယ်။ ဒါပေမယ့် သတ်မှတ်ချက်တွေနှင့် ဖြစ်ပါတယ်။ အဲဒီသတ်မှတ်ချက်တွေကတော့ အစိုးရရဲ့အသုံးစရိတ်တွေကို ၂၀၂၂ခုနှစ်ကအတိုင်းဖြတ်တောက်ဖို့နှင့်  တစ်နှစ်ကို တိုးတက်မှု ၁ ရာခိုင်နှုန်းရှိစေဖို့တွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဥပဒေကြမ်းဟာ ဒီမိုကရက်တွေအများစု နေရာရထားတဲ့ အထက်လွှတ်တော်အထိ မရောက်ဘဲဖြစ်နေရပါတယ်။

အဲဒါကြောင့် ယခုအခြေအနေမှာ နိုင်ငံရေးအရ မတိုးသာ မဆုတ်သာဖြစ်နေရပါပြီ။ ဆိုလိုတာကတော့ အမေရိကန်ရဲ့ အနာဂတ်စီးပွားရေးဟာ ငရဲကျလုဖြစ်နေတာပါ။ သဘောတူညီချက်သာ ခပ်စောစောမရခဲ့ဘူးဆိုရင် ပေါက်ကွဲထွက်နိုင်တဲ့ အခြေအနေတွေနှင့်ကြုံတွေ့ရလာနိုင်ပါတယ်။

အမေရိကန်အစိုးရဟာ လိုငွေပြပြီးမောင်းနှင်နေတာပါ၊ ဆိုလိုတာက သူဟာ အခွန်ရတာထက် ပိုက်ဆံတွေပိုသုံးနေတာ ပါ။အဲဒါကြောင့်နှစ်တိုင်း ချေးငွေပမာဏတိုးတိုးပေးခဲ့တာပါ။ အကယ်လို့ သဘောတူညီချက်မရတော့ဘူးဆိုရင် ပိုက်ဆံ ထပ်ချေးလို့မရတော့ပါဘူး။ အဲဒီအခါ အစိုးရဟာ ပေးစရာရှိတဲ့ စရိတ်တွေအကုန်လုံးကို မပေးနိုင်တော့ပါဘူး။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ဧပြီလကုန်အထိ ပိုက်ဆံ ဒေါ်လာ ၃၁၆ ဘီလျံရှိနေပါတယ်။ မေးစရာရှိတာက အဲဒီပိုက်ဆံတွေ ဘယ်တော့ ကုန်သွားမလဲဆိုတာပဲဖြစ်တယ်လို့ ဟန်တာကပြောပါတယ်။ ဘဏ္ဍာရေးဝန်ကြီးကတော့ ဇွန်လထဲမှာဆိုရင် အဲဒီပိုက်ဆံတွေကုန်ပြီလို့ပြောထားပါတယ်။

ပိုက်ဆံမရှိတော့ဘူးဆိုရင်တော့ အစိုးရဟာ အခွန်ကောက်လို့ရတဲ့ပိုက်ဆံတွေကိုပဲ သုံးစွဲလည်ပတ်ရတော့မှာဖြစ်ပါတယ်။  အဲသလိုသာဆိုရင် အများပြည်သူအတွက် လုပ်ဆောင်ပေးရမယ့် လုပ်ငန်းတွေအားလုံးအတွက် သူ ပိုက်ဆံမပေး နိုင်တော့ပါဘူး။ ဥပမာအားဖြင့် အစိုးရဝန်ထမ်းတွေရဲ့လစာ ဒါမှမဟုတ် လက်ရှိအကြေးတွေအားလုံးရဲ့ ဝန်ဆောင်မှုအလုပ် တွေစသဖြင့်ပေါ့။

ဇွန်လမှာ သက်တမ်းကုန်မယ့် ငွေချေးစာချုပ်တွေကို ပိုက်ဆံထုတ်ပေးနိုင်မှာမဟုတ်တော့ဘူး။ အဲသလိုဆိုရင် ဘဏ္ဍာ ရေးအကျပ်အတည်းတစ်ခုဖြစ်လာစေတော့မယ်လို့လည်း ဟန်တာကပြောပါတယ်။

အမေရိကန်အစိုးရဟာ သူ့ရဲ့ကြွေးမြီတွေအပေါ် ပျက်ကွက်ပြီဆိုရင် ဘာတွေဖြစ်လာမလဲ။ သီအိုရီအရပြောရရင်တော့ အစိုးရရဲ့ ကြွေးမြီတန်ဖိုးတွေဟာ ဝရုန်းသုန်းကားအခြေအနေနှင့်ရင်ဆိုင်ရတော့မှာပါ။

အမေရိကန်ရဲ့ ကြွေးမြီအများစုဟာ ပြည်တွင်းကချေးထားတာပါ။ ကြွေးမြီတွေရဲ့ ၆၉ ရာခိုင်နှုန်းဟာ ပြည်တွင်းမှာရှိပြီး အဲဒါတွေက  ဖက်ဒရယ်အရန်ငွေကြေးထံမှ ၂၁.၂ ရာခိုင်နှုန်း၊ပင်စင် ဒါမှမဟုတ် mutual funds ကနေ ၁၂ ရာခိုင်နှုန်းနှင့် အမေရိကန် အိမ်ထောင်စုတွေဆီက ၆.၇ ရာခိုင်နှုန်းဖြစ်ကြပါတယ်။

ကျန်တဲ့ ၃၁ ရာခိုင်နှုန်းကတော့ နိုင်ငံခြားကပိုင်ပါတယ်။ ငွေချေးစာချုပ်တွေအများဆုံးဝယ်ထားတဲ့ နိင်ငံက ဂျပန်ဖြစ်ပြီး ဒေါ်လာ ၁.၁ ထရီလီယံရှိနေပါတယ်။ တရုတ်နိုင်ငံက ဒေါ်လာ ၈၆၇  ဘီလျံရှိပြီး ယူကေ ဒေါ်လာ ၆၅၄ ဘီလျံအသီးသီးနှင့် ဒုတိယနှင့် တတိယနေရာမှာရှိထားကြပါတယ်။

ကြွေးမြီပျက်ကွက်ပြီဆိုတာနှင့် အမေရိကန်နိုင်ငံမှာ ချေးငှားစရိတ်တွေကိုဒုက္ခပေးတော့မှာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ချေးငှားစရိတ်တွေလည်း အလိုက်အထိုက် လိုက်တက်လာလိမ့်မယ်လို့ ဟန်တာကပြောပါတယ်။

အမှန်တကယ်က အမေရိကန်အစိုးရဟာ အကြွေးကို တကယ်တမ်းမပေးနိုင်တော့တာမဟုတ်ဘဲ ဥပဒေအရ ပေးလို့မရ အောင်တုပ်နှောင်ခံလိုက်ရတာဖြစ်လို့  လူတွေဖန်တီးတဲ့ အန္တရာယ်တစ်ခုကို ဖန်တီးတဲ့သဘောသာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် အခုတစ်ခါမှာတော့ အရင်ဖြစ်ခဲ့တာတွေထက် အန္တရာယ်ပိုများနေပါတယ်။ ၂၀၁၁ခုနှစ်တုန်းက ဖက်ဒရယ်ကြွေးမြီဟာ အမေရိကန် ဂျီဒီပီရဲ့ ၆၅.၈ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ယခု ၉၈ ရာခိုင်နှုန်းအထိရှိနေပါတယ်။ ပြီးတော့ အတိုးနှုန်းတွေကလည်း အလွန့်ကိုမြင့်မားနေတာဖြစ်ပါတယ်။ ဒီအချက်တွေပေါင်းလိုက်ရင် အစိုးရအနနှင့်ပိုပြီးမြင့်မားတဲ့ ကြွေးမြီဆိုင်ရာစရိတ်တွေနှင့်ရင်ဆိုင်ကြရပါလိမ့်မယ်။ အမေရိကန်အစိုးရရဲ့ ဘဏ္ဍရေးတည်ငြိမ်မှုအနေနှင့်ပြောရရင်တော့ လက်ရှိအခြေအနေဟာ လွန်ခဲ့တဲ့ ၁၀နှစ်ကထက် ပိုပြီးဆိုးရွားနေပါတယ် လို့ ဟန်တာကပြောပါတယ်။

Source: What is the US debt ceiling and what will it mean if it isn’t raised? By The Telegraph

#အမေရိကန်ကြွေးမြီကန့်သတ်ချက်

#US_Debt_Ceiling

#အမေရိကန်စီးပွားရေး