#World_Health
Published 29 March 2023

 

ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေထဲမှာ လူတွေရဲ့မျက်နှာကိုကောင်းစွာမမှတ်မိတဲ့ လက္ခဏာတစ်ခုလည်းပါဝင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။

ကိုဗစ်နောက်ဆက်တွဲလက္ခဏာ ခံစားရတဲ့လူအချို့ဆိုရင် မိသားစုဝင်တွေ၊ ဆွေမျိုးတွေကိုပါ မှတ်မိဖို့ခက်ခဲနေတာလည်း ရှိနေပါတယ်။

အချို့လူတွေက မြင်ဖူးသလိုရှိပေမယ့် မှတ်မိဖို့ခက်ခဲနေတတ်သလို အချို့ကတော့ မသိတဲ့လူတွေရဲ့မျက်နှာတွေကို မခွဲခြားနိုင်ကြပါဘူး။

အခုလေ့လာချက်က ၂၀၂၀ မှာ ကိုဗစ်ကူးစက်ခံရခဲ့တဲ့ အသက် ၂၈နှစ်အရွယ် 'အန်နီ'ဆိုတဲ့အမျိုးသမီးကို လေ့လာထားတာဖြစ်ပါတယ်။

ကိုဗစ်မဖြစ်ခင်က အန်နီဟာ လူမျက်နှာတွေကို သိရှိမှတ်မိဖို့ အခက်အခဲမရှိခဲ့ပါဘူး။

ကိုဗစ်ကူးစက်ပြီး ၂ လအကြာမှာတော့ အနီးစပ်ဆုံးဆွေမျိုးတွေကိုတောင် မှတ်မိဖို့ခက်ခဲလာကြောင်း ပြောပြခဲ့ပါတယ်။

အဖေဖြစ်သူက စားသောက်ဆိုင်တစ်ခုမှာ သူ့နားကဖြတ်သွားတာတောင် မမှတ်မိခဲ့ဘဲ အသံကြားတော့မှ သိခဲ့ရပါတယ်။

အန်နီဟာ လူတွေရဲ့အသံကိုသာ အာရုံစိုက်ပြီး ခွဲခြားမှတ်သားနေရကြောင်း ဒါ့တ်မောက်ကောလိပ်မှ သုတေသီများရေးသားထားပါတယ်။

အရင်ကဆိုရင် ပုံကြည့်ဆွဲတဲ့အခါ ၁၅ မိနစ် - ၃၀ မိနစ်ကြားတစ်ခါသာ ကြည့်ပြီးဆွဲနိုင်ပေမယ့် အခုဆိုရင် ဓာတ်ပုံတွေကိုပဲ ကြည့်ပြီးမှီခိုနေရကာ မျက်နှာတွေက ဦးနှောက်ထဲမှာ ရေတွေလိုပဲဖြစ်တယ်လို့ ရှင်းပြသွားပါတယ်။

ဒါ့အပြင် နောက်ထပ် လူ ၅၄ ဦးထံမှ စစ်တမ်းကောက်ယူပြီး အမြင်အာရုံမှတ်မိမှုနဲ့ နေရာခွဲခြားသိရှိနိုင်စွမ်းယုတ်လျော့လာခြင်းတို့ကို မေးမြန်းခဲ့ပါတယ်။

အန်နီက ကိုဗစ်ကူးစက်ပြီးနောက် စတိုးဆိုင်သွားတဲ့လမ်း၊ ကားပါကင်နေရာ၊ ရောက်ဖူးပြီးသားနေရာတွေကို မှတ်မိဖို့ခက်ခဲလာကြောင်းလည်း ပြောပြခဲ့ပါတယ်။

အန်နီကိုလေ့လာတဲ့ ရလဒ်များအရ ကိုဗစ်-၁၉ က ဦးနှောက်ထိခိုက်ပြီးနောက် အာရုံကြောဆိုင်ရာချို့ယွင်းချက်များ ဖြစ်ပေါ်စေနိုင်ပြီး ကိုဗစ်နောက်ဆက်တွဲလက္ခဏာ ခံစားရသူတွေမှာ အမြင်အာရုံချို့ယွင်းတာတွေက အဆန်းမဟုတ်တော့ဘူးလို့ သုတေသီများ သုံးသပ်ထားပါတယ်။
Source: India Today
#Yangon_Media_Group