#World_Health
Published 29 March 2023

 

ကော်ဖီသောက်တဲ့လူအများစုက ကြိုက်လို့သောက်ရုံတင်မဟုတ်ဘဲ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာမှာ ကော်ဖီသောက်ခြင်းက အကျင့်ဖြစ်နေကြပါပြီ။

ကော်ဖီသောက်ရတဲ့ အဓိကအကြောင်းအရင်းက ပိုမိုတက်ကြွလန်းဆန်းနေစေဖို့ဆိုပေမယ့် တကယ်ကော အလုပ်ဖြစ်ရဲ့လားဆိုတာ စိတ်ဝင်စားစရာပါ။

အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကဖင်းဓာတ်က ဦးနှောက်မှာ ဘယ်လိုတွေသက်ရောက်လဲဆိုတာကို သိရှိရန်လိုအပ်ပါတယ်။

အိပ်စက်ခြင်းနဲ့ နိုးကြားခြင်းစက်ဝန်းတွေမှာ ပါဝင်ထိန်းညှိပေးတဲ့ အက်ဒီနိုဆင်ဓာတုဒြပ်ပေါင်းအကြောင်း လေ့လာခဲ့ကြပါတယ်။

ဦးနှောက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ပြင်းထန်စွာအလုပ်လုပ်တဲ့အခါ စွမ်းအင်ထုတ်လုပ်ခြင်းဖြစ်စဉ်အနေနဲ့ အက်ဒီနိုဆင်ပမာဏ မြင့်တက်လာပါတယ်။

ဒီဖြစ်စဉ်က ဘယ်အချိန်အနားယူရမလဲဆိုတာ နားလည်အောင်ပြုလုပ်ပေးတဲ့ အရေးကြီးဖြစ်စဉ်ဖြစ်ပါတယ်။

ပြင်းပြင်းထန်ထန်လှုပ်ရှားပြီး ခန္ဓာကိုယ်အလိုအတိုင်း အနားယူလိုက်တဲ့အခါ အက်ဒီနိုဆင်ပမာဏကျဆင်းသွားပြီး ပိုမိုနိုးကြားလာပါတယ်။

တက်သွားတဲ့အရာမှန်သမျှ ပြန်ပြီးကျဆင်းလာရတယ်ဆိုတဲ့အတိုင်း ကဖင်းဓာတ်က အားအင်ကိုအမှန်တကယ်တက်စေတာ မဟုတ်ဘဲ လူသားတွေမသိဘဲနဲ့ ချေးငှားလိုက်တဲ့သဘောဖြစ်ပါတယ်။

ကဖင်းဓာတ်ပြိုကွဲသွားပြီး အက်ဒီနိုဆင်တွေ စုပြုံလာကာ ပိုမိုပင်ပန်းနွမ်းနယ်စေပါတယ်။

ဒါတွေဟာ ကိုကိန်းလိုမျိုး တရားမဝင်ဆေးဝါးတွေ သုံးစွဲတဲ့အခါ ဖြစ်ပျက်လာတဲ့သဘောတရားနဲ့ ဆင်တူပြီး ဒီပြဿနာကိုဖြေရှင်းဖို့အတွက် နည်းလမ်း ၂မျိုးသာရှိပါတယ်။

ဆေးတွေကို ထပ်မံသုံးစွဲမလား ဒါမှမဟုတ် ခန္ဓာကိုယ်ခံစားနေရတဲ့အတိုင်း အနားယူမလား ဆိုတာပါပဲ။

ဒီသတင်းရဲ့ရည်ရွယ်ချက်က ကော်ဖီရှောင်ရှားဖို့မဟုတ်ဘဲ ဒီအတိုင်းသိရှိထားဖို့ပါပဲ။

ကော်ဖီကိုသင့်တင့်မျှတစွာ သောက်သုံးရင် ကျန်းမာရေးအကျိုးကျေးဇူး အမျိုးမျိုးရရှိနိုင်ပြီး အသက်ရှည်နိုင်ပါတယ်။

လေ့လာချက်တစ်ခုအရ မနက်မိုးလင်းကော်ဖီသောက်တာထက် နေ့ပိုင်းမှာသောက်သုံးပါက အကျိုးကျေးဇူးရရှိနိုင်ပါတယ်။

မနက်နိုးတဲ့အချိန်မှာ ခန္ဓာကိုယ်က စွမ်းအင်ထုတ်လုပ်ပေးပြီးသားဖြစ်တာကြောင့် စွမ်းအင်ကျဆင်းတဲ့အချိန်ကျမှ သောက်သုံးတာက ပိုမိုအကျိုးရှိစေနိုင်ပါတယ်။

ညဘက်အိပ်စက်ရန် ခက်ခဲတာမျိုး မဖြစ်စေဖို့ ညနေပိုင်းမသောက်သင့်ပါဘူး။

ကဖင်းဓာတ်ကြာရှည်စွဲမြဲစေရန် အစာစားပြီးမှ သောက်သုံးသင့်ပါတယ်။
Source: The Jerusalem Post.
#Yangon_Media_Group