၁ မေ ၂၀၂၄

လျှပ်စစ်မီးများပြတ်တောက်နေမှုများနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးနေမှုအခြေအနေများကို အများပြည်သူသိရှိရန် မီဒီယာများသို့ သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။

သတင်းထုတ်ပြန်ချက်ပါ အရေးကြီးအချက်အချို့မှာ-

၁။ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်သာ လက်ရှိတွင်လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်။

၂။ ရွှေကျင်၊ဘီလူးချောင်း(၁)၊ (၂) ၊ (၃) ၊သဖန်းဆိပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ၃၅၃ မဂ္ဂါဝပ် အသားတင် လျော့နည်းနေ။

၃။ သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုမှာလျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာလည်း(၄၄၆) မဂ္ဂါဝပ်ခန့် လျော့နည်းရရှိနေ။

၄။ သို့သော် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ (၂၁၀) မဂ္ဂါဝပ်ခန့် ထပ်တိုး ထုတ်လုပ်နိုင်ခဲ့။

၅။လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်နေပြီး စီမံကိန်းသစ်များကိုလည်း ကြိုးပမ်း ဆောင်ရွက်နေ။

သတင်းထုတ်ပြန်ချက်အပြည့်အစုံ(မူရင်း)ကို အောက်တွင်ဖော်ပြပေးပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပေးလျှက်ရှိသည့် ဓာတ်အား ပေးစက်ရုံများ၏ အရင်း  အမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ (၇၁၈၄.၄၆) မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်စက်ရုံ (၂၉)ရုံ၏ တပ်ဆင်စက်အင်အား (၃၂၂၈)မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့ သုံးစက်ရုံ (၂၇)ရုံ၏ တပ်ဆင်စက်အင်အား (၃၆၃၈.၃၆၄) မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံးစက်ရုံ (၂)ရုံ၏တပ်ဆင် စက်အင်အား (၁၃၈) မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်းအင်  စက်ရုံ (၆) ရုံ၏ တပ်ဆင်စက်အင်အား (၁၈၀) မဂ္ဂါဝပ် တို့ရှိပြီး စုစုပေါင်းဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်  လုပ်နိုင်သည့် စက်များ၏ စက် တပ်ဆင်အင်အားမှာ ၇၁၈၄.၄၆ မဂ္ဂါဝပ်အထိရှိပါသည်။ နိုင်ငံတော်၏ လိုအပ်ချက်မှာ နှစ်စဉ် (၉%) တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း (၅၄၄၃) မဂ္ဂါဝပ် လိုအပ်သည်။ ထိုသို့ရှိသော်လည်း တပ်ဆင်  အင်အားအတိုင်း စက်များအား စွမ်းအား ပြည့်မောင်းနှင်နိုင်ပါက လုံလောက်မှုရှိပါသည်။

သို့ရာတွင် လက်ရှိ ကာလ၌ ရွှေကျင်(၇၅ မဂ္ဂါဝပ်)၊ ဘီလူးချောင်း(၁)၊ (၂) ၊ (၃) တို့မှ (၂၄၈ မဂ္ဂါဝပ်)နှင့် သဖန်းဆိပ် (၃၀ မဂ္ဂါဝပ်) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ များမှထွက်ရှိသည့်ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ  ထွက်ရှိသည့် ဓာတ်အား (၃၅၃ မဂ္ဂါဝပ်) ၊ အသားတင်လျော့နည်း ထုတ်လုပ်ရလျက်ရှိပါသည်။

ထို့အတူ လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝ ဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုအချိုးမှာ (၅၀%) ခန့်ရှိသော် လည်း သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုမှာလျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာလည်း ယခု  ကာလအတွင်း (၄၄၆) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပါသည်။ သို့ပါ၍ စုစုပေါင်းစက်များ၏ တပ်ဆင်အားများမှ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံ များ၏ ထုတ်လုပ်မှုတွင် (၃၅၃+၄၄၆) = ၇၉၉ မဂ္ဂါဝပ်ခန့်မှာ အသားတင်   လျော့နည်းထုတ်လုပ်ရလျက်ရှိပါသည်။

ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ကျန်ရှိသော စက်တပ်ဆင်အင်အား (၆၃၈၅.၄၆) မဂ္ဂါဝပ်မှ ထုတ်လုပ်၊ ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ခဲ့ ရပါသည်။ သို့ရာတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်နိုင်ရန်စီမံရာ၌၊ ၂၀၂၃ ခုနှစ်မုတ်သုန်ရာသီတွင် ၂၀၂၂ ခုနှစ်ထက်ပုံမှန်မိုးရွာ သွန်းနိုင်မှုအောက်တွင်ဆက်လက်ရှိနေ၍ ဆည်များ ၌ရေပြည့်ဝစွာမရရှိခြင်း ဓာတ်အား စနစ်အတွင်း တစ်နိုင်ငံလုံးအား ဓာတ်အားစဉ်ဆက်မပြတ် တည်ငြိမ်စွာ  ရရှိစေရန်အတွက် မိုးမကျမီ ကာလအတွင်းအထိ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာလမှ ဇွန်လအထိ ယခင်သိုလှောင်စုဆောင်းထားရှိသည့် ရေများအားချိန်ညှိ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်  ရခြင်း သဘာဝဓာတ်ငွေ့ ရရှိမှုတို့အားထိန်းညှိ၍ လုံလောက်စွာမရရှိသဖြင့် တပ်ဆင်ထားသောစက်များ၏ စက်စွမ်း အားပြည့်လည်ပတ်နိုင်မှုမရှိခြင်းစသည့်တို့ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၈၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ (၅၀%) ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်လျက်ရှိပါသည်။

အထက်ပါအခြေအနေများအရ ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုအချိုးအစားပေါ်အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီးသို့ (၄၆%)၊ မန္တလေးတိုင်းဒေသကြီးသို့ (၁၆%)နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ (၃၈ %) အား အချိုးကျ  ခွဲဝေပို့လွှတ်ခဲ့ပြီး သုံးစွဲသူပြည်သူများ အဆင်ပြေစေရန် အတွက် အုပ်စုများခွဲ၍ အချိန်အပိုင်း အခြားအလိုက် ခွဲဝေ ဖြန့်ဖြူးပေးလျက်ရှိပါသည်။

အထက်ပါအတိုင်း ဓာတ်အားထုတ်လုပ်နိုင်မှုအပေါ် အချိုးကျအရ အချိန်အပိုင်းအခြား အလိုက်ခွဲဝေ  ဖြန့်ဖြူးထား  သော်လည်း ရုတ်တရက်မြင့်မားလာသည့် သုံးစွဲမှုအရ တစ်ခါတစ်ရံ သတ်မှတ်ကြိမ်နှုန်း (Frequency)အောက်   ရောက်ရှိပါက ဓာတ်အားစနစ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားထုတ်လုပ်သည့်စက်များအား ထိခိုက်  ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဗဟို ဓာတ်အားကွပ်ကဲရေးဌာန(National Control Centre) မှ အရေးပေါ်  ဝန်အားလျော့ချရန်အတွက် ဓာတ်အားဖြတ်တောက်ရခြင်းများကိုပြုလုပ်ရကာ ပုံမှန်ခွဲတမ်းအရရရှိမည့် ဓာတ်အား  ရရှိချိန်အတွင်း တိုက်ဆိုင်စွာဖြတ်တောက်ခဲ့ရပါက ပြတ်တောက်ချိန်မှာ ပိုမိုရှည်ကြာခြင်းများ ဖြစ်ပေါ်ရလျက်ရှိ ပါသည်။

တစ်ဖက်တွင်လည်း ဓာတ်အားပေးစက်ရုံများမှထွက်ရှိလာသည့် ဓာတ်အားများကို ပို့လွှတ် လျက်ရှိသည့် ဓာတ်အား လိုင်းကြီးများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေစပြီး ယနေ့အထိ ဓာတ်အားလိုင်း တာဝါတိုင်များအား(၇၁) ကြိမ်၊ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တာဝါတိုင်ပေါင်း (၈၉) တိုင် ပြိုလဲပျက်စီးခဲ့ကာ၊ ဓာတ်အားခွဲရုံကြီး (၅) ရုံ ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ် နိုင်မှုမရှိသဖြင့် ဓာတ်အားပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့ရပါသည်။ သို့သော်လည်း ပြည်သူ များ၏ ဓာတ်အားလိုအပ်ချက်ကို စဉ်ဆက်မပြတ်ရရှိရေးအတွက် ပြင်ဆင်မှုများကို အချိန်နှင့် တပြေးညီဆောင်ရွက်ပေးခဲ့ရာ တာဝါတိုင်ပေါင်း (၄၉)တိုင်အား အစားထိုး ပြင်ဆင်ပြီးစီးခဲ့ပြီး တာဝါတိုင် (၄၀) ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

အလားတူ ထုတ်လုပ်နိုင်သော လျှပ်စစ်ဓာတ်အားကို လျော့နည်းပျောက်ဆုံးမှု မရှိစေရေးအတွက် ဓာတ်အား   သုံးစွဲသူများမှ ဓာတ်အားခရရှိရေးအတွက်လည်း မီတာခ ပေးဆောင်ရန် ပျက်ကွက်သူများအား ပထမလတွင် သတိပေးခြင်း၊ ပထမလမှ တတိယလအထိ ရက်လွန်ဒဏ်ကြေး ကောက်ခံခြင်း၊ စတုတ္ထလတွင် လအလိုက် ပေးဆောင်ရမည့် မီတာခနှင့် ရက်လွန်ဒဏ်ကြေးများအား ပေးဆောင်ခြင်းမရှိပါက ဓာတ်အားဆက်သွယ်မှု ဖြတ်တောက်ခြင်းနှင့် မီတာသိမ်းဆည်း၍ ဥပဒေကြောင်းအရ အရေးယူခြင်းများကိုဆောင်ရွက်ခဲ့၍ စုစုပေါင်း  မီတာ  အလုံးရေ ၄ သိန်းကျော်ကို ဓာတ်အားဖြတ်တောက်ခဲ့ပြီး မီတာအလုံး ၆ သောင်းကျော်ကို ဖြုတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

၎င်းအပြင် ဓာတ်အားသုံးစွဲသူပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းများဖြစ်သော တောင်တော်ကွင်း (၂၀ မဂ္ဂါဝပ်)၊ကြီးအုံကြီးဝ (၃၀ မဂ္ဂါဝပ်)၊ စေတုတ္တရာ (၃၀ မဂ္ဂါဝပ်)နှင့် ကင်းတား (၃၀ မဂ္ဂါဝပ်) စုစုပေါင်းဓာတ်အားပေးစက်ရုံ (၄)ခု တပ်ဆင်အင်အား (၁၁၀ မဂ္ဂါဝပ်)ခန့်အား ဓာတ်အားဝယ်ယူရေး စာချုပ်များ (PPA) ချုပ်ဆို၍ ဓာတ်အားစနစ်အတွင်းသို့ လျှပ်စစ်ဓာတ်အားပိုမိုပို့လွှတ်ပေးနိုင်ခဲ့ပြီး သပြေဝ-၃ (၃၀ မဂ္ဂါဝပ်) နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားစတင်စမ်းသပ်ပို့လွှတ်နိုင်ခဲ့သဖြင့် စုစုပေါင်း (၂၁၀) မဂ္ဂါဝပ်ခန့် ထပ်တိုး ထုတ် လုပ်နိုင်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ ဝန်အားထိန်းညှိမှုအရ ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သော ကြောင့် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန် နှင့် ဓာတ်အားလိုင်းများ ဖောက်ခွဲ  ဖျက်ဆီးခံရခြင်း၊ အဖျက်အမှောင့်ပြုလုပ်ခြင်းများအပေါ် ပြည်သူလူထုမှလည်း ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြ ပါရန်နှင့် လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို စီမံကိန်းသစ်များကိုလည်း ကြိုးပမ်း ဆောင် ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန