Published 29 November 2023

တရုတ်နိုင်ငံကျန်းရှီပြည်နယ်၊နန်ချန်းမြို့တွင် ‘တိုင်းရင်းဆေးဖိုရမ်’ကို ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါဖိုရမ်တွင်
တိုင်းရင်းဆေးဝါး အရည်အသွေးကောင်းမွန်စေရေးဆိုင်ရာ ကိစ္စရပ်များ၊တိုင်းရင်းဆေးဝါးထုတ်လုပ်မှုဆန်းသစ် တီထွင်ရေးဆိုင်ရာကိစ္စရပ်များနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဉာဏပစ္စည်းမူပိုင်ခွင့်ကာကွယ်ခြင်းကိစ္စရပ်များ ကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၃ ခုနှစ်၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းမှကြီးမှူးပြီးတိုင်းရင်းဆေးဖိုရမ်ကို
‘တိုင်းရင်းဆေးပညာ၏ အမွေအနှစ်နှင့် ဆန်းသစ်တီထွင်မှု၊ တိုင်းရင်းဆေးပညာ၏ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် တိုင်းရင်း ဆေးပညာဆိုင်ရာ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ခြင်း ‘(Inheritance and Innovation of Traditional Medicine, Globalization of Traditional Medicine, and Protection of Traditional Medicine Intellectual Property Rights)ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်သည်ဟုဆိုသည်။

ယင်းအစည်းအဝေးသို့ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်၊ ဥဇဘတ်၊ ကစ္စတန်စသည့် နိုင်ငံများပါဝင်သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်း၏ အဖွဲ့ဝင်နိုင်ငံများ၊ အာဖဂန်နစ္စတန်၊ ဘီလာရုစ်၊ မွန်ဂိုးလီးယား စသည့်နိုင်ငံများ ပါဝင်သည့် လေ့လာသူနိုင်ငံများ၊ မြန်မာ၊ ဘာရိန်း၊ ကူဝိတ်၊ ကမ္ဘောဒီးယားစသည့်နိုင်ငံများပါဝင်သည့် ဆွေးနွေးဖက်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ တရုတ်တိုင်းရင်းဆေးကုမ္ပဏီများမှ တာဝန်ရှိသူများတက် ရောက်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံမှလည်း တရုတ်နိုင်ငံ၏ဖိတ်ကြားချက်အရ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏တိုင်းရင်း ဆေးဖိုရမ်သို့ တက်ရောက်ရန် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ၂၈ရက်နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှတရုတ် နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group