၄ ဇူလိုင် ၂၀၂၂

(၁၀)ရက်ကြာ ကျင်းပခဲ့သည့် မြန်မာအပါအဝင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့နိုင်ငံ(၆)နိုင်ငံမှ မီဒီယာများ၏ ထိပ်သီးအစည်းအဝေး နှင့် ယင်းနှင့်ဆက်စပ်သည့် အလုပ်ရုံဆွေးနွေးပွဲများ ယနေ့ ဇူလိုင်(၅)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် အဆုံးသတ်ခရီးအဖြစ်ပြီးဆုံးခဲ့ပါတယ်။

ကိုဗစ်-၁၉ ကြောင့် အွန်လိုင်းဖြင့်သာ အဆိုပါနှစ်စဉ်ပုံမှန်အစည်းဝေးများကိုလုပ်နိုင်ခဲ့ရာမှ ယခု လူတွေ့အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲတွေကို ပထမဆုံးအဖြစ် တရုတ်နိုင်ငံတွင်ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဇွန်လ (၂၇)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့တော်ဘေဂျင်းတွင် လန်ချန်းမဲခေါင်ပူးပေါင်းဆောင်ရွက်မှု  မီဒီယာ ထိပ်သီးအစည်းအဝေးကို စတင်ကျင်းပခြင်းဖြင့် ယခုနှစ်အစီအစဉ်ကို ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါထိပ်သီးအစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြန်ကြားရေးဝန်ကြီး ( ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ကွန်မြူနစ်ပါတီဗဟိုကော်မတီ Publicity ဌာန အကြီးအကဲ) မစ္စတာ လီရှုလေ Mr. Li Shulei တက်ရောက်ပြီး အဖွင်အမှာစကားပြောကြားခဲ့ပါတယ်။

အဲဒီနောက် ပြည်သူ့နေစဉ်သတင်းစာအယ်ဒီတာချုပ် မစ္စတာ Tuo Zhenနှင့် မြန်မာနိုင်ငံအပါအဝင် လန်ချန်းမဲခေါင် (၆)နိုင်ငံမှ နိုင်ငံပိုင်မီဒီယာကိုယ်စားလှယ်များက အသီးသီးအမှာစကားပြောကြားခဲ့ကြပါတယ်။ မြန်မာနိုင်ငံအတွက် Global New Light of Myanmarသတင်းစာအယ်ဒီတာချုပ် ဦးအောင်သူရက အမှာစကားပြောကြားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ဆွေးနွေးပွဲအစီအစဉ်နှစ်ခုကို ဆက်လက်ကျင်းပခဲ့ရာ “အပြန်အလှန်အကျိုးဖြစ်ထွန်းရေးအတွက် ဒေသတွင်း စီးပွားရေးနာလန်ထူရေးမောင်းနှင်ပေး” ခေါင်းစဉ်၊ နီးကပ်သောသံယောဇဉ်များအတွက် မီဒီယာအပြန်အလှန်ဖလှယ်မှဒမြှင့်တင်ရေး” ခေါင်းစဉ်တို့ဖြင့် မြန်မာ ပုဂ္ဂလိကမီဒီယာများနှင့် ကျန်အဖွဲ့ဝင်နိုင်ငံများမှ မီဒီယာ အကြီးအကဲများက ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက် လန်ချန်းမဲခေါင်မီဒီယာ ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ ဇွန် ၂၈ရက်နေ့တွင်  ဘေဂျင်းရှိ တရုတ်စွမ်းအင်အင်ဂျင်နီယာရင်း ကော်ပိုရေးရှင်းနှင့် တရုတ်ဆက်သွယ်ရေးတက္ကသိုလ်များသို့သွားရောက်၍ လေ့လာရင်း ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဇွန် ၂၉ ရက်နေ့တွင် ဘေဂျင်းမြို့ရှိ တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာနအောက်ရှိ  လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်ရေးစင်တာသို့သွားရောက်လေ့လာရာ ဌာနအကြီးအကဲများကကြိုဆိုပြီး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြပါတယ်။

ဇွန် ၃၀ ရက်နေ့တွင် အဖွဲ့ဝင်တွေဟာ ကန်တုံပြည်နယ် ကွမ်ကျိုးမြို့ရှိ ကွမ်ကျိုးမော်တော်ယာဉ်အုပ်စု GACသို့သွာရောက်လေ့လာခဲ့ကြပြီး စက်ရုံတာဝန်ရှိသူတွေက လျှပ်စစ်ကားထုတ်လုပ်နေမှုများကို စက်ရုံအတွင်း လှည့်လည်ပြသခဲ့ကြပါတယ်။  အဲဒီနောက် ဟိုင်းကျူး Haizhu Wetland Park သို့ဆက်လက်သွားရောက်လေ့လာခဲ့ကြပါတယ်၊

ဇူလိုင်(၁)ရက်နေ့တွင် China Southern Power Grid (SPG) သို့ဆက်လက်လေ့လာခဲ့ကြရာ ကုမ္ပဏီမှ တာဝန်ရှိသူတွေက လန်ချန်း-မဲခေါင်နိုင်ငံများတွင် လျှပ်စစ်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်နေမှုများကိုရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် ဟွာဝေးကုမ္ပဏီ၏ သုတေသနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနတည်ရှိရာ Huawei Songshan Lake Industrial Park  သို့ သွားရောက်လေ့လာခဲ့ကြပါတယ်။

ဇူလိုင်(၂)ရက်နေ့တွင် ကွမ်ကျိူးမှ ကျူဟိုင်းသို့ရောက်ရှိပြီးနောက် တရုတ်နိုင်ငံ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကုမ္ပဏီ(CCC) မှတည်ဆောက်လျှက်ရှိတဲ့ Shenzhen–Zhongshan  တံတားတည်ဆောက်နေသည့် လုပ်ငန်းခွင်သို့သွားရောက်လေ့လာခဲ့ကြပါတယ်။

ဇူလိုင်(၃)ရက်နေ့တွင် လန်ချန်း-မဲခေါင်မီဒီယာအဖွဲ့ဟာ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ယူနန်နေ့စဉ်သတင်းစာနှင့် ဝူဟွာ ခရိုင်ရှိ မြို့ပြအခြေခံလူ့အဖွဲ့အစည်းစီမံအုပ်ချုပ်မှုနှင့် ရပ်ရွာဖွံ့ဖြိုတိုးတက်ရေးဆောင်ရွက်နေမှုတွေကို သွားရောက်လေ့လာခဲ့ကြပါတယ်။

ဇူလိုင်(၄)ရက်နေ့တွင် ခရီးစဉ်နောက်ဆုံးနေ့အဖြစ် ယူနန်ပြည်နယ် ဖူယွမ်ခရိုင်ရှိ မဂ္ဂါဝပ် ၈၀၀ ထွက်ရှိသည့် တောင်ပေါ် လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့သွားရောက်လေ့လာခဲ့ကြပါတယ်။ အဆိုပါစီမံကိန်းမှာ တရုတ်နိုင်ငံတွင် တောင်ပေါ်တွင်တည်ဆောက်သည့် လေအားတာဘိုင်စီမံကိန်းများတွင် အကြီးဆုံဖြစ်တယ်လို့သိရပါတယ်။ အဲဒီနောက် ညနေပိုင်းတွင် တရုတ်မြန်နှုန်းမြင့်ရထား ပြုပြင်ထိန်းသိမ်းရေးအခြေစိုက်စခန်းသို့ သွားရောက်လေ့လာခဲ့ကြပြီး ခရီးစဉ် အဆုံးသတ်ခဲ့ကြောင်းသိရှိရပါတယ်။

ယခုအစီအစဉ်ကို တရုတ်နိုင်ငံ ပြည်သူ့နေ့စဉ်သတင်းစာက ကမကထပြုလုပ်ကာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံများရှိ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကမီဓီယာများကို ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါနိုင်ငံများမှ မီဒီယာကိုယ်စားလှယ်စုစုပေါင်း (၈၀) ကျော်ဟာ တရုတ်မြို့ကြီးသုံးမြို့တွင် ၁၀ရက်ကြာ လေ့လာရေးနှင့်ဆွေးနွေးပွဲများပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

Knl/ymg

#Lancang_Mekong_Cooperation_Media_Summit

#LMC_ Media