Published 3 April 2023

နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H. E. Mr. Wang Ningကို  ဧပြီ(၃)ရက် ဒီကနေ့မှာ နေပြည်တော်မှာလက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်တွေနှင့်  ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေတွေအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံရာမှာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများအပြင်  မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နှစ်ဖက်ဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏လျှပ်စစ်ကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဖွံ့ဖြိုးတိုတက်ရေးနှင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားမည်ကိစ္စရပ်များ၊ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံနှင့်ယူနန်ပြည်အကြား တိုက်ရိုက်လေကြောင်းပြေးဆွဲရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစက သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အအတူ  ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H. E. Mr. Wang Ning ဟာ မြန်မာနိုင်ငံသို့ ဧပြီ(၁)ရက်က အလုပ်သဘော ရောက်ရှိလာခဲ့ပြီးနောက် ဧပြီ(၂)ရက်နေ့တွင်  နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနှင့် တရုတ်နှစ်နိုင်ငံအကြား ဆန်စပါးထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ဓာတ်မြေဩဇာ ထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ကျောက်ဖြူ အနာဂတ် ရွေ့လျားဆေးခန်းစီမံကိန်း သဘောတူညီချက်၊ မြန်မာနိုင်ငံမှစိုက်ပျိုးကုန်များ တင်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ တာပိန် (၁) ရေအားလျှပ်စစ်စခန်း သဘောတူညီချက်တွေ လက်မှတ်ရေးထိုးပွဲတက်ရောက်ခဲ့ပါတယ်။

 Ymg/knl

#ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး H. E. Mr. Wang Ning

#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်

#YangonMediaGroup