Published 23 Jan 2023

တစ်နိုင်ငံတည်း ဗိုလ်ကျစိုးမိုးနေသည့် ဧကဝင်ရိုးမှ ဗဟုဝင်ရိုးကို ပြောင်းလဲနိုင် ရေးအတွက် အခြားကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်း လုပ်ဆောင် သွားမည့်ကိစ္စများ အပေါ်၌ လည်း ကြိုဆိုအားပေးပါတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားကြောင်း နစက ပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဇန်နဝါရီ ၂၂ရက်  ညနေပိုင်းက ရန်ကုန်မြို့ရှိအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပ ပြုလုပ်ခဲ့တဲ့တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်ချစ်ကြည်ရေးဘက်စကက်ဘောပြိုင်ပွဲ ပိတ်ပွဲနှင့် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးက အထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အဲသလို ဗဟုဝင်ရိုးကိုပြောင်းလဲအောင်ဆောင်ရွက်ခြင်းဟာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အလွန်အကျိူး ဖြစ်ထွန်းမယ့်ကိစ္စဖြစ်တယ်လို့ နစက ဥက္ကဋ္ဌက ဆက်လက်ပြောဆိုခဲ့ပြီး  ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization)၌ မြန်မာနိုင်ငံ ကို ဆွေးနွေးဖက်နိုင်ငံအဖြစ် (Dialogue Patner) သတ်မှတ်ပေးခဲ့တဲ့အတွက်  တရုတ်နိုင်ငံကို အထူးပင်ကျေးဇူးတင်ရှိတယ်လို့လည်း သူကဆက်လက်ပြောဆိုပါတယ်။

 

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်တွင် တရုတ်(တိုင်ပေ) နှင့်ပတ်သက်၍ တတိယအကြိမ် စက္ကူဖြူစာတမ်း ထုတ်ပြန်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မည်သူတရားပျက်ပျက် ကိုယ်မပျက်စေနှင့် ဟူသည့်အတိုင်း အိမ်နီးချင်း ကောင်းပီသစွာ တရုတ်တစ်နိုင်ငံတည်း မူဝါဒ(One China Policy)ကို အစဉ်ထောက် ခံရပ်တည်လျက်ရှိတယ်လို့လည်း နစက ဥက္ကဋ္ဌကပြောပါတယ်။

အဲဒီအပြင် ဗိုလ်ချူပ်မှူးကြီးက “မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးများ၊ တရုတ်နွယ် ဖွား မြန်မာနိုင်ငံသားများအတွက် မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုး မရှိသည့် ယုံကြည် စိတ်ချရသည့် အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်ကြောင်းနှင့်၊တရုတ်နိုင်ငံသည်လည်း မြန်မာ နိုင်ငံအတွက် အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သကဲ့သို့ ဘက်စုံမဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံတစ်ခုလည်း ဖြစ်တယ်” လို့လည်း ထပ်လောင်း ပြောကြားတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီနောက်ဗိုလ်ချူပ်မှူးကြီးက တရုတ်နှစ်သစ်ကူး ယုန်နှစ်အတွက် ဆုတောင်းစကားပြောကြားပေးခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံသံအမတ်ကြီး Mr. Chen Hai ကလည်း တရုတ်နှစ်သစ်ကူးပွဲတော်သို့ ယခုကဲ့သို့ နိုင်ငံ့အကြီးအကဲကိုယ်တိုင် တက်ရောက်သည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး တက် ရောက်ချီးမြှင့်ပေးခဲ့သည့်အတွက်  ကျေးဇူးအထူးတင်ရှိပါကြောင်း၊ နှစ်သစ်တွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ဆွေမျိုးပေါက်ဖော်သံယောဇဉ်ကို ဆက်လက်လက်ဆင့်ကမ်းပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို စဉ်ဆက်မပြတ်ဖေါ်ဆောင်ကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ရလဒ် များဖြင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကိုပိုမိုဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ယခုထက်ပိုမိုတိုးတက်ခိုင်မြဲပြီး အဓွန့်ရှည်တည်တံ့ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားခဲ့ပါတယ်။

အဲဒီနောက် နစက ဥက္ကဋ္ဌနှင့်ဇနီးအဖွဲ့ဝင်တွေဟာ အခမ်းအနားတက်ရောက်လာကြသူများတွေနှင့်အတူ တရုတ်ရိုးရာနှစ်သစ် ကူး အထိမ်းအမှတ်ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြတယ်လို့သိရှိရပါတယ် ။ ညစာစားပွဲအတွင်း ဘတ်စကက်ဘောပြိုင်ပွဲဆုပေးပွဲကိုပါ ထည့်သွင်းကျင်းပပေးခဲ့ပါတယ်။

ယခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ကို ချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲပိတ်ပွဲနှင့်အတူ ရန်ကုန်မြို့တွင် ခမ်းနားစွာကျင်းပပေးခဲ့တာဖြစ်ပါတယ်။

-ymg/knl

#Myanmar

#China_Myanmar

#China_Lunar+_New Year_in_Myanmar