#Local_News
Published_25 October 2022

 

မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ CNG ရရှိမှု အခက်အခဲကြောင့် ယာဉ်အစီးရေ လျှော့ချပြေးဆွဲနေရကြောင်း ယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။

 

YBS ယာဉ်လိုင်းများ အစီးရေလျှော့ချပြေးဆွဲမှုကြောင့် ရုံးတက်၊ ရုံးဆင်းချိန်တွင် ခရီးသည်များအနေဖြင့် ယာဉ်ရှားပါးသည့်ပြသနာကြုံတွေ့နေရကြောင်း၊ ယာဉ်လိုင်းပြေးဆွဲမှု၏ သုံးပုံနှစ်ပုံမှာ CNG ဂတ်စ်တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။

 

“ယာဉ်အစီးရေ ထပ်တိုးပြေးဆွဲတာတို့၊ ခရီးစဉ်သစ်တိုးချဲ့ပြေးဆွဲတာတို့ကို လတ်တလောမှာမရှိသေးဘူး။ ဘာလို့ဆို CNG ကလည်းမရဘူး။ သုံးပုံတစ်ပုံပဲ ကားကထွက်နိုင်တော့တယ်။ ခရီးသည်တွေကတော့ ပြောကြတယ်။ ကားကရှားတယ်၊ ထွက်တာကျဲတယ်ဆိုပြီးတော့ပေါ့။ အဓိက CNG မရတာပါ”ဟု Omni Focus ကုမ္ပဏီလီမိတက်မှ မန်းနေးဂျင်းဒါရိုက်တာ ကိုထွန်းတောက်ဝင်းက ပြောသည်။

 

ရန်ကုန်မြို့တွင်း၌ နေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၀၃၇ စီးပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁၁ သိန်းဝန်းကျင်ကို နေ့စဉ်ပို့ဆောင်ပေးနေရကြောင်း သိရသည်။ ယင်းအပြင် ယာဉ်စီးခနှုန်းထားကိုလည်း YRTC မှ ခရီးစဉ်တစ်ပိုင်းလျှင် ၂၀၀ ကျပ်၊ ခရီးစဉ်အစအဆုံး ၃၀၀ ကျပ်ကောက်ခံခွင့်ပြုထားကြောင်း သိရသည်။

 

“မနက်အလုပ်သွားလို့ရှိရင် တစ်နာရီလောက်ကြိုထွက်ရတယ်။ ကားကတော်တော်နဲ့မရဘူး။ ကားကလာတာကျဲတော့ တစ်စီးတစ်စီးကို ခရီးသည်တွေကအပြည့်ပဲ။ အဲ့တိုင်းလည်း ဖြစ်သလိုလိုက်စီးနေရတာ။ ကားကတော်တော်ဒုက္ခရောက်တယ် စီးရတာအဆင်မပြေဘူး”ဟု YBS စီးခရီးသည်တစ်ဦးဖြစ်သူ မထက်ထက်အောင်က ပြောသည်။

 

#ymg/sth
#Yangon_Media_Group