#Local_News
Published _25 October 2022

 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်းရှိ ပင်းပက်နှင့် နောင်ကား ရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းကို စတင်နေပြီ ဖြစ်ကြောင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက သိရသည်။

 

လက်ရှိဖောက်လုပ်မည့် မီးရထားလမ်းအရှည် ၁၅ မိုင်ခန့်ရှိပြီး လက်ရှိ တောင်ကြီး- ဆိုက်ခေါင် ရထားလမ်းမှ တစ်ဆင့်ခွဲထွက်ကာ နောင်ကား-ပင်းပက် သံမဏိစက်ရုံသို့ ရထားလမ်းဖောက်လုပ်မည် ဖြစ်ကြောင်း၊ယင်းစီမံကိန်းတွင် ပါဝင်သွားသည့် မြေဧရိယာ (၂၈၁ ဒသမ ၈၂) ဧက ရှိသည့်အနက် စိုက်ပျိုးမြေတွင်ပါဝင်သည့် (၂၁၇ ဒသမ ၂၇) ဧကအတွက် တောင်သူ(၁၈၇)ဦးအား မြေယာလျော်ကြေးငွေ သိန်းနှစ်ထောင်ကျော်ကို ပြီးခဲ့သည့် မေလ ၉ ရက်ကပင် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းလည်း မြန်မာ့မီးရထားက သိရသည်။

 

အဆိုပါရထားလမ်းသစ်ကို ဖောက်လုပ်ရန် မြန်မာ့မီးရထားအနေဖြင့် လိုအပ်သည့် ကွန်ကရစ်ဇလီဖားတုံးသယ်ယူသည့်လုပ်သန်း နှင့် သံလမ်း သယ်ယူသည့် လုပ်ငန်းတို့အတွက် အိတ်ဖွင့်တင်ဒါ (Open Tender)ကို ခေါ်ယူနေပြီ ဖြစ်ကြောင်း သိရသည်။

 

တင်ဒါခေါ်ယူရာတွင် တိုင်း (၄) ကလောနယ်မြေ ပင်းပက်-နောင်ကားရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းအတွက် ၂၅၀၀-တန် ရှိ ကွန်ကရစ်ဇလီဖား (၁၅၀၀၀)တုံး ကို သာစည်ဘူတာမှ ပင်းပက် - နောင်ကားလမ်းပိုင်းသို့ လည်းကောင်း၊(၇၅)ပေါင် သံလမ်း (၃၉)ပေ အရှည် ၁၃၆၉ ဒသမ ၃၅ တန်ရှိသည့် ၃၁၄၆ ချောင်း ကို သာစည်ဘူတာမှ ပင်းပက် - နောင်ကားလမ်းပိုင်းသို့လည်းကောင်း သယ်ပို့ခြင်းလုပ်ငန်းများအတွက် ဟု ဖော်ပြထားသည်။

 

ယင်းအပြင် မြန်မာ့မီးရထားအနေဖြင့် ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် ကွန်ကရစ်ဇလီဖား (၁၀၆၆၆) တုံး၊ (၇၅)ပေါင် သံလမ်း(၃၉) ပေ (၈၆၇)ချောင်း နှင့် Point & Crossing (၁၂)စုံ၊ စုစုပေါင်း (၂၁၈၂ ဒသမ ၆၈ - တန်) ကို သာစည် ဘူတာမှ (အေးသာယာ ၊ ပေါမူ၊ ထီသိမ်၊ တောင်ကြီး) ဘူတာများသို့ သယ်ပို့ခြင်းလုပ်ငန်းအတွက်လည်းကောင်း၊ ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းအတွင်း ပြွန်တန်ဆာဘူတာ အဆင့်မြှင့်မွမ်းမံခြင်းလုပ်ငန်း (172-4-40'-0”)(Brick Nogging) နှင့်ဆက်စပ်လုပ်ငန်းများ (လုပ်ငန်းဆက်)အတွက်လည်း ကောင်း အိတ်ဖွင့်တင်ဒါ ခေါ်ယူထားသည်။

 

ယင်းလုပ်ငန်းများအားလုံးကို မြန်မာကျပ်ငွေဖြင့် တင်ဒါခေါ်ယူခြင်း ဖြစ်ကြောင်းနှင့် လာမည့် နိုဝင်ဘာလ ၈ ရက်တွင် တင်ဒါ နောက်ဆုံးတင်သွင်းရမည် ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group