Published 12 April 2022

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေကြတဲ့ နိုင်ငံတကာ ရေနံတူးဖော်ရေးကုမ္ပဏီကြီး (၂)ခုဟာ ယင်းတို့ရဲ့ စီမံကိန်းနှင့်ပတ်သက်တဲ့ လုပ်ငန်းအစိတ်အပိုင်းအချို့ကို မကြာမီဆောင်ရွက်မယ့် အကြောင်း အသိပေး ကြေညာထားပါတယ်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းတွေမှာ အကျိူးတူပူးပေါင်းဆောင်ရွက်နေတဲ့ POSCO INTERNATIONAL Corporation Myanmar E&P ဟာ ကမ်းလွန်လုပ်ကွက်အမှတ်(A-1) ဧရိယာတွင် ရွှေ အဆင့်(၂) ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ ကမ်းလွန်တပ်ဆင်ရေးလုပ်ငန်း Offshore  Installation Activities တွေကို သတ်မှတ်ဖော်ပြပါ နေရာတွေမှာ ၂၀၂၂ခုနှစ် ဧပြီ(၂၆)ရက်နေ ဇွန်(၁၈)ရက်အထိ ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

အလားတူ PTTEP International Limited ကလည်း ကမ်းလွန်လုပ်ကွက်အမှတ် M-9 နှင့် M-3 တို့မှာ ဘူမိဗေဒ နည်းပညာဆိုင်ရာ ရေအောက်မြေသားနမူနာ တိုင်းတာခြင်းလုပ်ငန်းတွေကို  ၂၀၂၂ခုနှစ် ဧပြီ ၁၅ရက်မှ မေ ၃၀ရက်အထိ သတ်မှတ်နေရာတွေမှာ ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီသတ်မှတ်ထားတဲ့‌ နေရာတွေကနေ (၄)ကီလိုမီတာ ပတ်လည်အတွင်းကို ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာ ထားပါတယ်။ အဲဒီအတွက် သင်္ဘောကြီးငယ်တွေ၊ကုန်တင်စက်လှေတွေ၊ငါးဖမ်းသင်္ဘောတွေ၊စက်တပ်သမ္ဗာန်တွေ ဖြတ်သန်း သွားလာခြင်း၊ကျောက်ချရပ်နားထားခြင်း၊ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာတွေ ချထားခြင်းမပြုဖို့ ငါးလုပ်ငန်းဦးစီးဌာနက သတိပေးချက်ထပ်ဆင့်ထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။