#LocalNews

Published-24 Feb 2022


၂၀၂၁ခုနှစ်ဖေဖော်ဝါရီလက စတင်ပြီးယနေ့အချိန်ထိတိုက်ပွဲရှောင်ရသူဦးရေ ၄၅၃,၀၀ အပါအဝင် နိုင်ငံအဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ ၈၂၃,၄၀၀ ခန့် ရှိသွားပြီဖြစ်တယ်လို့ UNHCR ကထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၊ အထူးသဖြင့် ကယားပြည်နယ်မှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အခြားတပ်ဖွဲ့ တွေကြားက တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လျက်ရှိကာအဆိုပါတိုက်ပွဲတွေကြောင့် အချို့တိုက်ပွဲရှောင်တွေဟာ ဒုတိယအကြိမ် နေရပ်စွန့်ခွာထွက်ပြေးရမှုတွေ အပါအဝင် အိုးအိမ်စွန့်ခွာထွက်ပြေးမှုတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဖေဖေါ်ဝါရီလ ၁၄ ရက် ကိန်းဂဏန်းများအရ လွိုင်ကော်မြို့နယ်က နေရပ်ပြန်သူ ၂၀၀ ခန့်ဟာ နီးစပ်ရာတောထဲသို့ ထပ်မံတိုက်ပွဲရှောင်ထွက်ပြေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ နယ်မှာ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ စုစုပေါင်း ၁၀၀ ခန့်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့
UNHCRကဆိုပါတယ်။

UNHCR နဲ့ မိတ်ဖက်အဖွဲ့ တွေဟာ သတင်းအချက်အလက်တွေကို ဆက်လက်စုဆောင်းလျက်ရှိပြီး နေရပ်စွန့်ခွာထွက်ပြေးသူ ကိန်းဂဏန်းတွေဟာ ဆက်လက်မြင့်တက်လာမယ်လို့ ခန့်မှန်းထားပြီးမြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်ဟာ ခက်ခဲလျက်ရှိနေပြီး ကယားပြည်နယ်၊ ဒီမောဆို၊ ဖရူဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ လျှပ်စစ်မီး၊ ရေ၊ အင်တာနက်နဲ့ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့လတွေကတည်းက ပြတ်တောက်လျက်ရှိနေတယ်လို့ သိရပါတယ်။

UNHCR ရဲ့ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ကိန်းဂဏန်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကတည်းက အရှေ့တောင်ပိုင်းမှာ နေရပ်စွန့်ခွာရသူဦးရေဟာ ၂၂၆,၄၀၀ ခန့်ရှိသွားပြီဖြစ်ကာ ကယားပြည်နယ်မှာ နေရပ်စွန့်ခွာလာရသူ လူဦးရေ ၉၁,၉၀၀ ခန့်၊ ကရင်ပြည်နယ်မှာ ၇၁,၈၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၅၁,၈၀၀၊ မွန်ပြည်နယ်မှာ ၇,၅၀၀၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၂,၆၀၀နဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၈၀၀ ခန့်ရှိနေတယ်လို့ သိရပါတယ်။

ymg/hm 

#Yangon_Media_Group