#LocalNews
Published- 31 Jan 2022


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက်လျက်ရှိသော ဓါတ်လှေကားတာဝါအတွင်း ဓာတ်လှေကားအိမ်ကို တပ်ဆင်ဆောင်ရွက်နေပြီး မကြာမီရက်ပိုင်းအတွင်း စတင်စမ်းသပ်အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ ဓါတ်လှေကားဆောက်လုပ်ရေးကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ကပြောပါတယ်။

ဓါတ်လှေကားတာဝါ တည်ဆောက်ရေးတွင် ယခုအခါ ဓာတ်လှေကားအဆောက်အဦတည်ဆောက်ရေး Phase-1 အပိုင်းမှာ အချောသတ်ဆေးသုတ်ခြင်း၊ ဉာဏ်းဖြုတ်ခြင်း၊ ဓါတ်လှေကားပတ်လမ်းနဲ့ကားပါကင် ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများသာ ကျန်ရှိတော့ တာကြောင့် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း အပြီးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း Kyaw Thar Engineering Construction Group ကုမ္ပဏီမှ Project မန်နေဂျာ ဦးသန်းလွင်က ပြောပါတယ်။

ဓါတ်လှေကားတာဝါတည်ဆောက်ရေး Phase-2 အပိုင်းတွင် ဓာတ်လှေကားအိမ်တပ်ဆင်ရန် ကားဖရိန်နှင့် ကောင်တာဝိတ်ဖရိန် တပ်ဆင်ခြင်းများကို ဇန်နဝါရီ ၁၆ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး မှာယူထားသော စပိန်နိုင်ငံထုတ် Orona ဓာတ်လှေကားအမျိုးအစားနှင့် ဆက်စပ်ပစ္စည်းများမှာ ယခုလ ၂၂ ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်း၊ ဓာတ်လှေကားအိမ်ဆင်ရန် ၆ မီလီမီတာစတီးကြိုး တစ်ဖက်လျှင် ၇ ကြိုးဖြင့် စုစုပေါင်း ၁၄ ကြိုးတပ်ဆင်ထားပြီး ယခုလကုန်တွင် အပြီးတပ်ဆင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါကို Phase-1 အပိုင်းအဖြစ် နှစ်ကျိပ်ရှစ်ဆူစေတီ တော်အနီးမှ ကိုးခန်းကြီးဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ x အကျယ် ၁၂ ပေ)ရှိပြီး ဘုရားကြီးဘဏ္ဍာငွေမှ ခွင့်ပြု‌ငွေကျပ်သိန်းပေါင်း (၁၆၀၀၀)ခန့်ဖြင့် တည်ဆောက်နေ တာဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း စတင်စမ်းသပ်အသုံးပြု နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
ymg/hm

 

#Yangon_Media_Group