Published: 4 December 2021

၂၀၂၀ အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့စင်ကာပူနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာ့အသင်းကစားသမား၁၄ဦးအထိကျန်းမာရေးပြဿနာတွေနဲ့ကြုံတွေ့နေရပြီး ပြိုင်ပွဲဝင်ကစားသမားအရေအတွက်ပြည့်မီရေးအတွက်အခက်ကြုံနေရတယ်လို့သိရပါတယ်။

 ယနေ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာနည်ပြချုပ် အန်တိုနီဟေးကအသင်းမှာ ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရတဲ့ကစားသမား၄ဦးရှိနေသလို ကျန်းမာရေးအရ ကိုဗစ် ရောဂါပိုးရှိမရှိစစ်ဆေးရမယ်ကစားသမား၁၀ဦးထိရှိနေတယ်လို့ထုတ်ဖော်ပြောဆိုသွားတယ်လို့သိရပါတယ်။

 ဒီဇင်ဘာ ၅ ရက်မနက်ဖြန်မှာအဖွင့်ပွဲစဉ်အဖြစ် စင်ကာပူအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီ မြန်မာအသင်းရဲ့နောက်ဆုံးဇကာတင်ကစားသမား ၂၇ ဦးထဲမှ ၁၄ဦးထိကျန်းမာရေးပြဿနာရင်ဆိုင်နေရတာကြောင့် ကစားသမား ၁၃ ဦးသာကျန်ရှိနေတယ်လို့သိရပါတယ်။

 ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏စည်းမျဉ်းအရ ပြိုင်ပွဲဝင် ဘောလုံးအသင်းတစ်သင်းမှာပွဲထွက်ကစားသမား ၁၁ ယောက်အပြင် အရန်ကစားသမား ၇ ဦး ရှိရမယ်လို့ ပြဌာန်းထားတာကြောင့် မြန်မာအသင်းအနေနဲ့ ကစားသမား ၁၈ ဦး ပြည့်မီရေးခက်ခဲလာဖွယ်ရှိနေပါတယ်။

 မြန်မာအသင်းတွင် ဂိုး- မျိုးမင်းလတ်၊ ပြည့်ဖြိုးအောင်၊ စိုးအာကာ၊ နောက်- အောင်နိုင်ဝင်း၊ ဒေးဗစ်ထန်း၊ ဟိန်းဖြိုးဝင်း၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊ လယ်- လှိုင်းဘိုဘို၊ မောင်မောင်လွင်၊ မျိုးကိုထွန်း၊ ရန်နိုင်ဦး၊ နေမိုးနိုင်၊ မောင်မောင်ဝင်း၊ ရှေ့- သန်းပိုင်၊ ဆွမ်လမန်၊ ကောင်းထက်စိုး တို့ပါဝင်ပြီး မြန်မာအသင်းမှာ အုပ်စု(က)တွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အရှေ့တီမောအသင်းများနဲ့တစ်အုပ်စုတည်းကျရောက်နေပါတယ်။