#LocalNews

Published - 1 Dec 2021

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၁,၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ရဲ့ သတင်းအရသိရပါတယ်။

နို၀င်ဘာလ ၃၀ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းအနီး၊ Mobile X-Ray(ပြင်ဦးလွင်)တွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် လာရှိးဘက်မှ ရန်ကုန်သို့ သွားရောက်မည့် -----ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသူ ခရီးသည် ဒေါ်ဆန်းအေး နှင့် ခန့်ဇင်သွေး တို့၏ ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၁,၈၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ် ၁,၉၇၇ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ယင်းနေ့ ည ၁၀ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာနေ သိန်းဇော်(ခ)အိုက်စိုင်း ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၆၂ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၁.၂၄ သိန်း)နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ ဒေါ်ဆန်းအေး(၄၃)နှစ်၊ ခန့်ဇင်သွေး(၂၀)နှစ် နှင့် သိန်းဇော်(ခ)အိုက်စိုင်း(၃၀)နှစ် တို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်း နှင့် ပြင်ဦးလွင်မြို့မရဲစခန်းတို့တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

#Yangon_Media_Group