၂၇ ဇန်နဝါရီ ၂၀၂၄

ယခုရက်ပိုင်းအတွင်း တပ်မတော်က တန်ပြန်ဒရုန်းစစ်ဆင်ရေးဆောင်ရွက်တဲ့ ဗီဒီယိုဖိုင်တွေ ဆက်တိုက်ဆိုသလို အွန်လိုင်းမှာ ပျံ့နှံ့လာတာ တွေ့ရပြီး အချို့နေရာတွေမှာ ဒရုန်းစစ်ဆင်ရေးတွေ ထိရောက်မှုရှိနေတယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ်ဘက်မှ စစ်သတင်းများကိုတင်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တစ်ခု က ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှာရှိတဲ့ AA လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ကို တပ်က Drop Bomb ကျဲ၍ တိုက်ခိုက်တဲ့ ရုပ်သံဖိုင်ကို ဇန်နဝါရီ ၂၃ ရက်က တင်ထားတာ တွေ့ရပါတယ်။

အလားတူ အွန်လိုင်း မီဒီယာတစ်ခုကလည်း  ဇန်နဝါရီ ၆ ရက်မှာ ကော့ကရိတ်မြို့တိုက်ပွဲ၌ စစ်မြေပြင်သတင်း ရယူနေစဉ် တပ်မတော်ရဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို ကြုံတွေ့ပြီး မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်ကို ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်လွှင့်သွားခဲ့ပါတယ်။

နိုင်ငံရေးနှင့် စစ်ရေးသတင်းများ ရေးသားလေ့ရှိတဲ့ အခြား  တယ်လီဂရမ်ချန်နယ်တစ်ခုကလည်း လွိုင်ကော်မြို့နဲ့ အနီးပတ်ဝန်းကျင်မှ KPDF တွေရဲ့ နေရာတွေကို တပ်မတော်က ဒရုန်းဖြင့် ဗုံးကျဲ့တိုက်ခိုက်တဲ့ ဗီဒီယိုဖိုင်ကိုလည်း တင်ထားပါတယ်။

အဆိုပါရုပ်သံတွေနှင့်ပတ်သက်ပြီး မှန်ကန်မှုရှိကြောင်းနှင့်  တပ်မတော်က တန်ပြန်ဒရုန်းစစ်ဆင်ရေးတွေ ခပ်စိပ်စိပ် ဆောင်ရွက်လာတာဖြစ်တယ်လို့ တပ်မတော်နှင့်နီးစပ်တဲ့ သတင်းအရင်းအမြစ်များက YMG ကိုအတည်ပြုပြောဆိုပါတယ်။

“ ဟုတ်ပါတယ်။ တန်ပြန်ဒရုန်းစစ်ဆင်ရေးတွေကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အချို့နေရာတွေမှာ ထိရောက်မှုရှိပြီး အောင်မြင်မှုတွေရှိပါတယ်” လို့လည်း အဆိုပါ အမည်မဖော်ပြလိုတဲ့ အရင်းအမြစ်က ဆက်လက်ပြောဆိုပါတယ်။

ဒါကြောင့် ဇန်နဝါရီလ အတွင်းမှာ တပ်မတော်ရဲ့ အကြမ်းဖက်နှိမ်နှင်းရေး တန်ပြန်ဒရုန်းစစ်ဆင်ရေးနှင့် ပတ်သက်တဲ့ ဗီဒီယိုဖိုင်တွေကို ခပ်စိပ်စိပ် မြင်တွေ့လာရတာပဲ ဖြစ်တယ်လို့ အခြားအရင်းအမြစ်တစ်ခုကလည်း ထပ်မံ အတည်ပြု  ပေးခဲ့ပါတယ်။

--ymg/knl