၁၂ နိုဝင်ဘာ ၂၀၂၃

ကျောက်မဲနှင့်သီပေါအကြားက ကျင်သီတံတားကို TNLA သောင်းကျန်းသူများက ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက်က မီဒီယာများသို့ဖြန့်ဝေပေးပို့တဲ့ နောက်ဆုံးအခြေအနေရှင်းလင်းပြောကြားချက် ရုပ်သံမှာ  ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

“ ကျောက်မဲနှင့် သီပေါအကြားထဲတွင်ရှိတဲ့ ဒုဌဝတီ မြစ်ငယ် မြစ်ကူး ကျင်သီတံတားကို TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့တာရှိပါတယ်။ ဒီတံတားဟာ မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးအပေါ်ကတံတားဖြစ်ပါတယ်။

ဒီအကြမ်းဖက်သောင်းကျန်းသူများအနေနှင့် ရည်ရွယ်ချက်သည် ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်၊ ပြည်သူလူထုရဲ့လမ်းပန်းဆက်သွယ်ရေး ပြည်သူ့ဆက်သွယ်ရေးလမ်းကြောင်းကို အဓိကထားပြီး ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီဟာတွေသည် အစိုးရကိုတိုက်ခိုက်တဲ့လုပ်ငန်းမဟုတ်ပါဘူး ပြည်သူကိုတိုက်ရိုက်ထိပါးစော်ကားတဲ့လုပ်ငန်းဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

လွိုင်ကော်တွင် အဝေးမှလှမ်း၍ပစ်ခတ်မှုအချို့မှအပ ငြိမ်သက်လျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက လွိုင်ကော်မြို့ရဲ့ နိုဝင်ဘာ၁၂ ရက်နောက်ဆုံးအခြေအနေကို ရှင်းလင်းပြောကြားပါတယ်။

“လွိုင်ကော်ဘက်အခြေအနေကတော့ မနက်ပိုင်းမှာ အဝေးကနေပစ်ခတ်မှုမှအပ ကျန်တာ ငြိမ်သက်လျက်ရှိပါတယ်။ တစ်ရက်နှစ်ရက်လောက်အတွင်းမှာ သောင်းကျန်းသူများအနေနှင့် အပြင်းအထန်တိုက်ခိုက်ခဲ့တာမျိုးရှိပါတယ်။ တပ်မတော်အနေနှင့် ပြန်လည်တွန်းလှန်တိုက်ခိုက်ခဲ့နိုင်ပါတယ်” လို့ သူက ပြောတာပါ။

ထီးချိုင့်ဖက်တွင် တိုက်ပွဲအချို့ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုပါတယ်။

“ ထီးချိုင့်ဘက်မှာတော့  အချို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနှင့် အခြေအနေပြန်လည်ထိန်းသိမ်းပြီး ဆောင်ရွက်လျက်ရှိပါတယ်” လို့ သူကပြောကြားပါတယ်။

ယင်းအပြင် အကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက်တဲ့ သတင်းများနှင့် လှုပ်ရှားမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပေးပို့နေတဲ့တာဝန်သိ ပြည်သူလူထုများလည်းရှိတဲ့အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောကြားသွားပြီး အားလုံးပူးပေါင်းဆောင်ရွက်သွားကြဖို့ အခြေအနေအမြန်ဆုံး တည်ငြိမ်အောင်  ထိန်းသိမ်းသွားနိုင်ဖို့ ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း ရုပ်သံထဲမှာ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

-ymg/knl