၈ နိုဝင်ဘာ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း အခြေအနေများကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။

နိုဝင်ဘာ(၈)ရက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး အစည်းအဝေခန်းမတွင်ကျင်းပတဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၃/၂၀၂၃)တွင် ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

MNDAA အဖွဲ့အနေ ဖြင့်လည်း ထိခိုက်ကျဆုံးမှုများစွာဖြစ်ပေါ်လျက်ရှိပြီး တပ်မတော်အနေဖြင့် လိုအပ်တဲ့ပြန်လည်လက်တုံ့ပြန်မှုတွေဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောကြောင်း နစကရဲ့ သတင်း   ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ဒေသဖြစ်စဉ် များတွင် MNDAA အဖွဲ့အနေဖြင့်  တရုတ်နိုင်ငံထုတ် ကုန်ထုတ်လုပ်ငန်းသုံး Drone များကို အဓိကထားအသုံးပြု၍တိုက်ခိုက်ခဲ့ပြီး အဆိုပါ Drone ဈေးကွက်တွင်လွယ်ကူစွာဝယ်ယူ၍ရနေတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားပါတယ်။

လာမည့်နိုဝင်ဘာ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့သော ကွမ်းလုံတံတားသစ်ဖွင့်လှစ်ရန်အတွက် စီစဉ်ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေနှင့် အချိန်အခါ၌ MNDAA က ၎င်းဒေသကိုတိုက်ခိုက်လာ သည်မှာ များစွာသတိပြုသင့်သော အချက်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ထောက်ပြပြောဆိုပါတယ်။

ယခုဖြစ်စဉ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပြီး ဖြစ်စဉ်တွင် မိမိတို့နိုင်ငံမှ ကျည်ဆံများတရုတ် နိုင်ငံအတွင်း ကျရောက်သည်ဟု ပြောဆိုမှုများကြောင့် နှစ်ဖက် တာဝန်ရှိသူများကဖြေရှင်းဆောင်ရွက်လျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ထုတ်ဖော်ပြောဆိုပါတယ်။ 

ယင်းအပြင်နယ်စပ် ဒေသဖြစ်သဖြင့် စစ်ဆင်ရေးဆောင် ရွက်ရာတွင် အထူးပင် ကန့်သတ်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်းနှင့် တစ်ဖက်အဖွဲ့အစည်းများအနေဖြင့် လက်လွတ်စပယ် လုပ်ဆောင်ခဲ့မှုနှင့် နှစ်နိုင်ငံအထင်အမြင်လွဲအောင် လုပ်ဆောင်နေမှုများရှိနေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

MNDAA အဖွဲ့အနေဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် ၂၀၂၂ ခုနှစ် မှစတင်၍ ကြိုတင်  ပြင်ဆင်မှုများဆောင်ရွက်ခဲ့ပြီး ယင်းတို့နှင့် မဟာမိတ်ပြုထားသော အဖွဲ့များ နှင့် အကြိမ်ကြိမ်  ဆွေးနွေးခဲ့ ကြောင်းနှင့် ထိုကဲ့သို့တိုက်ခိုက်မှု လုပ်ဆောင်ရန်ပြင်ဆင်နေခြင်းကို MNDAA အဖွဲ့၏မဟာမိတ်များနှင့် ယင်းတို့၏မိတ်ဆွေများ အားလုံးသိရှိကြတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။ ယခုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များတွင်လည်း ဦးဆောင်သူအနေဖြင့် ဖုန်ကြားရှင်၏သား ဖုန်တာရွှင်မှ ဦးဆောင် ခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။

အစိုးရအနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ အသက်  အိုးအိမ်စည်စိမ်ကာကွယ်ရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွား မယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

အဓိကအားဖြင့် မူဆယ်နှင့် ချင်းရွှေဟော်ဒေသသည် နယ်စပ်ကုန်သွယ်ရေး အတွက် အဓိကထား  ဆောင်ရွက်သည့် နေရာဒေသဖြစ်ပြီး လောက်ကိုင်ဒေသသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့  ဖြစ်  ကြောင်း၊ MNDAA အဖွဲ့အနေဖြင့် ယင်းတို့၏ဩဇာ အာဏာကိုပြန်လည်တည်ဆောက်ရန်အတွက် ယခုကဲ့သို့  တိုက်ခိုက်မှုများကို လုပ်ဆောင်လာ ခြင်းဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ကာ/လုံကို တင်ပြသွား ပါတယ်။

ယခုဖြစ်စဉ်များဖြစ်ပွားချိန်တွင် နယ်မြေခံပြည်သူ လူထုအနေဖြင့် MNDAA အဖွဲ့သတင်းအား တပ်မတော်ထံပေးပို့မှုများရှိပြီး ထိထိ ရောက်ရောက်ပြန်လည်တုံ့ပြန် မှုများကို ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း၊ MNDAA အဖွဲ့အနေဖြင့် လောက်ကိုင်ဒေသတွင် အာဏာပြန်လည်တည်ဆောက်နိုင်ရေး၊ TNLA အဖွဲ့အနေဖြင့် ပလောင်ပြည်နယ်ရရှိရေး၊ ကိုးကန့်အနေဖြင့် ကိုးကန့်ပြည်နယ် ရရှိရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုပါတယ်။

ထို့အပြင် လောက်ကိုင်ဒေသတွင် လောင်းကစားလုပ်ငန်းများတရားမဝင်ဆောင်ရွက်နေခြင်းနှင့်  ပတ်သက်၍လည်း ဗိုလ်ချုပ်မှူးကြီးက ကာ/လုံအစည်းအဝေးတွင်ရှင်းလင်းပြောဆိုပါတယ်။

၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် လောက်ကိုင် ဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်မှု   များ များပြားလာသည့် အပြင် အခြားတရားမဝင်လုပ်ငန်းများလည်း ပါဝင်လာကြောင်း၊ အထူးသဖြင့် လောင်း ကစားဝိုင်းကိစ္စများဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်မှုများတွင် တစ်ဖက်နိုင်ငံသားများက လာရောက်ရင်းနှီး   မြှုပ်နှံမှုများ ဆောင်ရွက်လာကြောင်း၊ ကိုဗစ် -၁၉ ဖြစ်ပွားချိန် နောက်ပိုင်းတွင် ၎င်းလောင်းကစားဝိုင်းများ သည် အွန်လိုင်းလောင်းကစားမှုများအဖြစ် အသွင်ပြောင်း၍ ဆက်လက်ဆောင်ရွက်ခဲ့သည်ကိုတွေ့ရတယ်”လို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ၎င်းဒေသ၌ အွန်လိုင်းငွေကြေးလိမ်လည်မှုများ များပြားလာခဲ့ပြီး အဆိုပါအွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသူများမှာ တစ်ဖက်နိုင်ငံသားများ   ပိုင်ဆိုင်    သည့် ဟိုတယ်လုပ်ငန်းများဖြစ်သည်ကို စိစစ်တွေ့ရှိရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ထုတ်ဖော်ပြော ဆိုပါတယ်။

လောက်ကိုင်နှင့် ချင်းရွှေဟော်ဒေသတွင် ဟိုတယ် ၁၅၃ ခုရှိကြောင်း၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု    ကော်မရှင်(MIC)၏ ခွင့်ပြုချက်ဖြင့်ဆောက်လုပ်ထားသော ဟိုတယ် ၁၂ လုံးသာရှိပြီးကျန်ဟိုတယ် ၁၄၁ ခုမှာ လောက်ကိုင်ဒေသအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် လုပ်ပိုင်ခွင့်မရှိဘဲ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ၎င်းဟိုတယ်အများစုမှာ တစ်ဖက်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံ ဆောက်လုပ်ထားသည့် ဟိုတယ်များ ဖြစ်သည်ကိုတွေ့ရကြောင်း၊ အများစုမှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း၌ တည်ဆောက်ခဲ့ပြီး အဆင့်မြင့် ၁၂ ထပ် ၁၃ထပ်အဆောက်အဦများကိုပင် တစ်နှစ်အတွင်း အပြီးတည်ဆောက်ခဲ့သည်ကိုတွေ့ရကြောင်း၊ အဆိုပါ ဟိုတယ်များ၌ အွန်လိုင်းငွေကြေး လိမ်လည်မှုများ နှင့် အခြားတရားမဝင်လုပ်ငန်းများဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။

အဆိုပါ ဟိုတယ်များအား စိစစ်ဖော်ထုတ်အရေးယူဆောင်ရွက် သည့်အချိန်တွင် တရုတ်နိုင်ငံသား  ၇၃၉၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈၉ ဦး၊ ထိုင်းနိုင်ငံသား ၁၆၂ ဦး၊ မလေး  ရှား နိုင်ငံသား ၃၂ ဦးနှင့် လာအိုနိုင်ငံသား ၂ ဦးစုစုပေါင်း  ၇၇၈၀ ဦးဖမ်းဆီးရမိခဲ့ပြီး  အဆိုပါ ဖမ်းဆီးရမိ သူများထဲမှ တရုတ်နိုင်ငံသား ၆၈၉၂ဦးအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။

ကျန်ရှိသူများကို စိစစ်ဆောင်ရွက် လျက်ရှိပြီး  အဆိုပါဒေသအတွင်း အွန်လိုင်းငွေကြေးလိမ်လည်  မှုများနှင့် တရားမဝင်လုပ်ငန်းများဆောင်ရွက်ခြင်းမျာ မရှိစေရေး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးနှင့် ဆွေးနွေးသဘောတူချက်အတိုင်း နှစ်နိုင်ငံ Task Force  ဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်တယ်လို့ ဗိုလ်ချုပ် မှူးကြီးက အသိပေးပြောကြားပါတယ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့က နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စစ်ဘေး ရှောင်ပြည်သူများအား လူသားချင်း စာနာ  ထောက်ထားမှုအကူအညီများ ထောက်ပံ့ ပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၏အခြေအနေ၊ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများ စုပေါင်း၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် တပ်မတော်အနေဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

   ယင်းနောက်ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၏ဌာနပြည် ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု   ဝန်ကြီးနှင့်အထူးဖိတ်ကြားထားသူများက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း  စစ်ဌာန ချုပ်နယ်မြေ၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတို့  တွင် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက တပ်စခန်းငယ်များ၊ ရဲစခန်းများ၊ မီးသတ်စခန်း   များကို တိုက်ခိုက်ခဲ့မှု၊ အစိုးရအဆောက်အဦနှင့် လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း လုပ်ဆောင်ခဲ့မှု၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ အချို့မြို့နယ်များတွင် NUG လက်အောက်ခံ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များက ကျေးရွာများတွင် ဆက်ကြေးကောက်ခံခြင်းနှင့် ပြည်သူလူထုအား ရက်စက်စွာ  သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့မှု၊ အကြမ်းဖက်သောင်းကျန်းသူများကို ပြည်သူနှင့်တပ်မတော်ပူးပေါင်း၍ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်သွားရေး၊ တရားဥပဒေစိုးရေးနှင့် နယ်မြေဒေသတည် ငြိမ်အေးချမ်းရေး အမြန်ဆုံးပြန်လည်ရရှိအောင်ဆောင်ရွက်ရေးနှင့် ကယ်ဆယ်ရေး စခန်းများဖွင့်လှစ်၍ တိုက်ပွဲရှောင်ပြည်သူ များအား ကူညီစောင့်ရှောက်ပေးနေမှု ကိစ္စရပ် များကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစည်းအဝေးတွင် ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိဖြစ်ပွားနေသည့် နယ်စပ်ဒေသ သောင်းကျန်း သူများအရေးကိစ္စနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ယခုကဲ့သို့ စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည် အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း၊ ယခုကိစ္စသည် သေသေချာချာ စနစ်တကျ ကိုင်တွယ်သွားရန်လို ကြောင်း၊ ယခုကဲ့သို့ တိုင်းပြည်အတွက် အရေးကြီးသည့်ကာလတွင် တစ်နိုင်ငံလုံးက တပ်မတော်ကို ထောက်ခံအကူအညီပေးရန်လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့်အသက်စွန့်တာဝန်ထမ်းဆောင် ကာကွယ် နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုရရှိနေခြင်းဖြစ်ကြောင်း၊ ယနေ့  ဆွေးနွေး  တင်ပြချက်များကို မှတ်တမ်းတင်ပါကြောင်းပြောကြားခဲ့ပါတယ်။

ကာ/လုံအစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေ တို့တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

-ymg/knl