၃၀ စက်တင်ဘာ ၂၀၂၃

ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် NCA အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်သွားရမည်ဟု ယုံကြည်ပြီး NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပါယ်မဲ့စွာ လက်လွတ်စပယ်ပြောကြားမှုများကို လက်သင့်ခံ ၍မရနိုင်ဟု KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးက ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားပါတယ်။

စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် နစကဥက္ကဋ္ဌ၊တပ်မတော်     ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ငြိမ်းချမ်းရေးကိစ္စများ   ဆွေးနွေးရာတွင်NCA စာချုပ်လက် မှတ်ရေးထိုးစဉ်ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့သူလည်းဖြစ်တဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးက ပြောကြားခဲ့ခြင်းဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အမှန်တကယ် ငြိမ်းချမ်းရေးကိုလိုလားပါက အမုန်းတရားကို အခြေခံ၍ ဆောင်ရွက်၍ရမည်မဟုတ် ကြောင်း၊ မိမိအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးစဉ်ကတည်းကပင် ယခုအချိန်အထိ ငြိမ်းချမ်းရေးရရှိရေး ကိုသာ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်ခဲ့ပါကြောင်းလည်း စောမူတူးစေးဖိုးက ပြောပါတယ်။ယင်းအပြင် ကရင်အမျိုးသားအစည်း အရုံး(KNU)ကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ မှန်မှန်ကန်ကန် ရောက်ရှိလာစေရေး စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းပေးနေမှုအပေါ်တွင်လည်း ကျေးဇူးတင်ပါတယ်လို့ နစကဥက္ကဋ္ဌကို စောမူတူးစေးဖိုးနှင့်အဖွဲ့ကဆက်လက်ပြောဆိုတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

NCA စာချုပ် ချုပ်ဆိုချိန်တွင်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ သံတမန် များ၊ ပြည်တွင်း အသိသက်သေများ ရှေ့မှောက်၌ လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့်ခိုင်မာသည့် တရားဝင်စာချုပ်ဖြစ်တယ်လို့လည်း စောမူတူးစေးဖိုးနှင့်အဖွဲ့က အခိုင်အမာပြောဆိုပါတယ်။ သူ့အနေနှင့်ပါတီစုံဒီမို ကရေစီ စနစ်  ကိုလက်ခံပြီး တည်ငြိမ်အေးချမ်းမှုကိုလိုလားတယ်လို့လည်းဆက်ပြောပါတယ်။

ယခုတွေ့ဆုံမှုသည် ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းမှုရရှိရေး၏ ခြေလှမ်းသစ်တစ်ခုကို စတင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်တယ်လို့ ဗိုလ်ချူပ်မှူးကြီးက ပြန်လည်  ပြော ဆိုပါတယ်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိုဖော် ဆောင်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် ခိုင်ခိုင် မာမာရပ်တည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း  (EAO) များအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန် အမြဲတံခါးဖွင့်ကြိုဆိုလျက်ရှိတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ဖိတ်ခေါ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယင်းကဲ့သို့ဆွေးနွေးရာတွင် မိမိတို့ထံသို့လာရောက်တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်သကဲ့သို့  တပ်မတော်မှ ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့များကို စေလွှတ်ဆွေးနွေးပေးစေလိုပါကလည်း တိုင်းစစ်ဌာနချုပ်များတွင် ဆွေးနွေးနိုင်ရေး    ဆောင်ရွက်ပေးသွားမယ်လို့ ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။

ပြည်တွင်းတည်ငြိမ် အေးချမ်း ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို မကျင့်သုံးဘဲ တွေ့ဆုံညှိနှိုင်း  ဆွေးနွေး ရေးကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ပျက်ယွင်းစေမည့် အပြုအမူ အပြောအဆို၊ အလုပ်အကိုင် များကို လုံးဝ လက်သင့်ခံ၍ ရနိုင်မည်မဟုတ်ပါကြောင်း၊ သဘောတူညီချက်များဖြင့် ချုပ်ဆိုထားသည့် NCA လမ်း  ကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းသွားရမှာဖြစ်တယ်လို့ စောမူတူးစေးဖိုးနှင့်အဖွဲ့က ဆွေးနွေးပြောဆိုတယ်လို့   သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးအနေဖြင့် NCA စာချုပ်ကို ကိုယ်တိုင်လက်မှတ်ရေးထိုး  ပါဝင်ခဲ့သည့် တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့အတွက် မကြာမီ ကျရောက်တော့မည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ချုပ်ဆိုမှု ၈ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်   ပေးနိုင်ဖို့အတွက်လည်း ဗိုလ်ချူပ်မှူးကြီးက  ဖိတ်ကြားခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်   ထားပါတယ်။

အဆိုပါငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး  ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း  ရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့တက်ရောက်ကြပြီး ကရင်တိုင်းရင်းသား  ခေါင်းဆောင် စောမူတူးစေးဖိုးနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ စောရော   ဂျာခင်၊ ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်း တို့ တက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်။

 Knl/ymg